မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ်ဟော့စပါးကို အနိုင်ယူပြီး ယူရိုပါလိဂ်ဖလား ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ စပါးနဲ့ လာမယ့် မေလ ၂၂ ရက်နေ့ စပိန်နိုင်ငံ ဘီလ်ဘာအိုက ဆန်မားမက်စ်ကွင်းမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဖာနန်ဒက်စ်က ယူရိုပါလိဂ် ဗိုလ်လုပွဲနဲ့ ပတ်သက်ပြီးတော့ beIN Sports နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “သူတို့ (စပါး)က တိုက်စစ်မှာ အလွန်ထက်မြတ်တဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ သူတို့က ပြိုင်ဘက်ကို Pressing လုပ်ကစားတာ တော်တော် ကောင်းပါတယ်။ ခံစစ် ကစားပုံ ကလည်း အရမ်းပဲ စနစ်တကျ ရှိပါတယ်။ သူတို့မှာ ဘောလုံး အတူ ရှိနေတဲ့အခါမှာ အရည်အသွေးကောင်းတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပေမယ့်လည်း ကျွန်တော်တို့ လေ့လာသွားမှာပါ။ သူတိုရဲ့ အန္တရာယ်ပေးနိုင်တဲ့ အခြေအနေ တော်တော်များများ ကိုလည်း ကျွန်တော်တို့ သိထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီထက် ပိုပြီး အရေးကြီးတာက သူတို့ကို အခွင့်အရေးတွေ မပေးမိအောင်နဲ့ ကိုယ့်အသင်း အတွက်လည်း ဂိုးတွေ သွင်းပြီး အနိုင်ရဖို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်အောင် ကျွန်တော်တို့တွေ ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်သလဲ ဆိုတာကို အာရုံစိုက်ထားဖို့ပါပဲ။” လို့ ဘရူနို ဖာနန်ဒက်စ်က ပြောကြားသွားခဲ့ပါတယ်။

ဒီနှစ်သင်းစလုံးက ဥရောပရဲ့ ဒုတိယအမြင့်ဆုံး ပြိုင်ပွဲ တစ်ခုမှာ ဗိုလ်လုပွဲ ကစားရဖို့ ရှိနေကြပေမယ့်လည်း ခြေစွမ်းပိုင်း ကတော့ လုံးဝ စိတ်ပျက်စရာ အခြေအနေတွေကို ပိုင်ဆိုင်ထားကြပါတယ်။ မန်ချက်စတာယူနိုက်တက် ကလည်း နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာ ဆိုးရွားတဲ့ ဘောလုံးရာသီ တစ်ခုကို ဖြတ်သန်းထားခဲ့ရတာပါ။ ယူနိုက်တက်ဟာ ပြည်တွင်းမှာ ရှုံးပွဲတွေ များပြားနေသည့်တိုင်အောင် ဥရောပ ပြိုင်ပွဲမှာတော့ ရှုံးပွဲ မရှိတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ရပ်တည်နေခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် ဖြတ်သန်းမှုတွေ ပြန်ကြည့်မယ် ဆိုရင် ဆိုစီဒက်၊ လိုင်ယွန်၊ ဘီလ်ဘာအို တို့ကို ကျော်ဖြတ်ခဲ့တာ ဖြစ်လို့ အထင်ကြီးစရာ ကောင်းနေသလို စပါး ကလည်း အေဇက်ခ် အဲလ်ခမာ၊ ဖရန့်ဖတ်နဲ့ ဘိုဒို ဂလင့်မ်လို ကစားရခက်တဲ့ အသင်းတွေကို ကျော်ဖြတ်လာတာ ဖြစ်လို့ လျှော့တွက်လို့ မရပါဘူး။ ဒါကြောင့် စပါးနဲ့ ကစားရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲဟာ အမော်ရင်နဲ့ ယူနိုက်တက် အတွက် အသက်ရှူချောင်စေမယ့် ပွဲစဉ် ဖြစ်လာဖို့ ရှိပြီး နှစ်သင်းစလုံး အတွက် လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေး ကလည်း ဒီပွဲ ရလဒ် အပေါ်မှာ မူတည်နေပါတယ်။
အခုနှစ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်က ရမှတ် ၃၉ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရှိနေသလို စပါး ကလည်း ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။ ဒီနှစ်သင်းက ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်မှာ ကပ်လျက် ရပ်တည်နေတာ ဖြစ်ပြီး တော်တော်လေးကို အခြေအနေ ဆိုးရွားတဲ့ အခြေအနေနဲ့ ရာသီသိမ်းရဖို့ များနေပါတယ်။ ယူနိုက်တက်နဲ့ စပါး တို့ဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ ၂ ကြိမ်၊ ခါရာဘောင်ဖလားမှာ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် တွေ့ဆုံထားပြီး ၃ ကြိမ်စလုံးမှာ စပါး ကပဲ အနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲစုံ နောက်ဆုံး ၆ ကြိမ် တွေ့ဆုံမှု မှာလည်း စပါးက ယူနိုက်တက်ကို မရှုံးအောင် ကစားထားပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.