ဥရုဂွေး ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ္စ ဆွာရက်ဇ် ကတော့ သူ့ အနေနဲ့ အင်တာမိုင်ယာမီ အသင်းဖော် လီယွန်နယ် မက်ဆီနဲ့ အတူ ကစားသမား ဘဝ ကနေ အနားယူဖို ဆန္ဒရှိနေကြောင်း အရိပ်အမြွက်နဲ့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ အသက် ၃၈ နှစ် အရွယ် လူးဝစ္စ ဆွာရက်ဇ် ကတော့ အသက်အရွယ် ကြီးနေပြီ ဖြစ်ပေမယ့် မေဂျာလိဂ် ကလပ်မှာ မက်ဆီနဲ့ အတူ အတွဲအဖက် ညီညီ ကစားနေဆဲ ဖြစ်ပါတယ်။
ဆွာရက်ဇ်ဟာ ၂၀၂၄ ခုနှစ်မှာ လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူခဲ့ပေမယ့် ကလပ် ကစားသမား ဘဝ ကနေတော့ အပြီးတိုင် အနားယူဖို့ မဆုံးဖြတ်ရသေးသူ ဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ မက်ဆီနဲ့ အတူ ဘာစီလိုနာမှာ အချိန်ကြာမြင့်စွာ တွဲဖက် ကစားခဲ့သလို လက်ရှိ မေဂျာလိဂ် ကလပ်မှာလည်း အတွဲညီနေဆဲပါ။ မက်ဆီနဲ့ ဆွာရက်ဇ်ဟာ ကွင်းတွင်းမှာ သာမက ကွင်းပြင်ပ မှာလည်း တော်တော်လေး ရင်းနှီးကြတဲ့ မိတ်ဆွေတွေ ဖြစ်ပြီး မိသားစု တစ်ခုလို နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာတော့ ဆွာရက်ဇ်က ကစားသမားဘဝကို အတူတူ အဆုံးသတ်ဖို့ လိုလားနေတာလည်း ဖြစ်ပါတယ်။ ဆွာရက်ဇ်က “လက်ရှိအချိန်မှာ အနားယူဖို ကျွန်တော် ဆုံးဖြတ်ဦးမှာ မဟုတ်ပါဘူး။ ကျွန်တော် ပြောနိုင်တာကတော့ သူ(မက်ဆီ) နဲ့ အတူ အနားယူဖို့ ဆန္ဒရှိတယ် ဆိုတာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့နှစ်တွေ ကတည်းက အတူတူ အနားယူဖို ကျွန်တော်တို့ စကားပြောဖြစ်ကြပါတယ်။ အဲဒီလိုမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို သူ့ရဲ့စာချုပ်သစ်၊ ကျွန်တော့်ရဲ့ စာချုပ်သစ်တွေ အပေါ်မှာ မူတည်နေပါသေးတယ်။” လို့ ဆွာရက်ဇ်က ပြောကြားခဲ့ပါတယ်။
ဆွာရက်ဇ်နဲ့ မက်ဆီတို့ဟာ လာမယ့် ၂၀၂၅ ဘောလုံး ရာသီအကုန်မှာ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ESPN ရဲ့ ဖော်ပြချက်အရ ကလပ် အသင်းနဲ့ မက်ဆီ အကြားမှာ သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပြီး နှစ်ဖက်စလုံး ကတော့ ကွင်း အတွင်းနဲ့ ပြင်ပ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားဖို့ စိတ်အားထက်သန်နေကြတယ်လို့ သိရပါတယ်။

ဆွာရက်ဇ် ကတော့ အင်တာမိုင်ယာမီကို အခုထက် ပိုပြီး တိုးတက်လာအောင် ကူညီပေးဖို့ ကတိပြုထားပြီး အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေချမယ့် အစား လက်ရှိကိုပဲ အာရုံစိုက်ထားချင်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဆွာရက်ဇ်က “ဟုတ်ပါတယ်။ အမှန်တရားက ကျွန်တော် ပျော်ရွှင်တယ် ဆိုတာပါပဲ။ ကျွန်တော် ပျော်ပါတယ်။ ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာလည်း ကောင်းမွန်ပါတယ်။ ကျွန်တော် အသင်းကို ကူညီပေးနေသလို ခံစားရပါတယ်။ ကလပ်က လိုချင်ရင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်စလုံးက တူညီတဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပါတယ်။ အင်တာမိုင်ယာမီက ကလပ် အသင်း တစ်သင်း အနေနဲ့ ဆက်လက် ကြီးထွားဖို့ လိုနေပါသေးတယ် ကျွန်တော်တို့ လိဂ်ကို ကစားသမားကောင်းတွေ လာရောက်ပြီး အစဉ်အလာကြီးတဲ့ လိဂ် အဖြစ် ဆက်လက် ရှင်သန်နိင်ဖို့ အရေးကြီးပါတယ်။” လို့ ဆွာရက်ဇ်က ဆိုပါတယ်။
လက်ရှိမှာ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီက လိဂ်ဖလား ကွာတားဖိုင်နယ် အဖြစ် ဗုဒ္ဓဟူးနေ့ည Chase Stadium မှာ တိုက်ဂရက်စ် UANL နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။ အသင်း နည်းပြ ဂျားဗီးယား မာရှေယာနို ကတော့ မက်ဆီ အနေနဲ့ ကြံ့ခိုင်မှု အပိုင်းမှာ စိုးရိမ်ပူပန်စရာ ရှိတာကြောင့် သီးခြား လေ့ကျင့်မှုတွေ ပြုလုပ်နေပေမယ့်လည်း ဒီပွဲ ကိုတော့ လွဲချော်မှာ မဟုတ်ကြောင်း အတည်ပြုထားပါတယ်။
မက်ဆီဟာ စနေနေ့ညက အဲလ်အေ ဂလက်ဆီကို ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကြွက်သား ဒဏ်ရာ အနည်းငယ် ရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပြီး အခုတော့ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ မက်ဆီဟာ အဲဒီပွဲမှာ ၁ ဂိုး သွင်းပြီး ၁ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် ပွဲချိန် အတွင်း ၁၀၀ ရာခိုင်နှုန်းပြည့် သက်တောင့်သက်သာ မရှိခဲ့ကြောင်း မာရှေယာနိုက အတည်ပြုခဲ့ပါတယ်။ အင်တာမိုင်ယာမီ ကတော့ ၂၀၂၃ ခုနှစ်မှာ လိဂ်ဖလား အဖြစ် စတင် ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ နက်ရှ်ဗီးလ်အက်စ်စီကို ပင်နယ်တီနဲ့ အနိုင်ရကာ ချန်ပီယံ ဖြစ်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.