ဘာစီလိုနာရဲ့ ဝါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီး ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီပရိုလိဂ် ကလပ် တချို့ရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှု တချို့ကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ လီဝမ်ဒေါစကီး ကတော့ ကစားသမား ဘဝ နေဝင်ချိန်ကို ရောက်ရှိနေသည့် တိုင်အောင် လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူပေးနေသူ ဖြစ်ပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ ပိုလန် တိုက်စစ်မှူးကြီး အနေနဲ့ ဒီနွေရာသီမှာ ဆော်ဒီပရိုလိဂ် ကလပ်တွေ ဆီက တစ်နှစ် လုပ်ခလစာ ယူရို သန်း ၁၀၀ တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း လီဝမ်ဒေါစကီးက မက်လုံးပေး ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့ပြီး ကတ်တာလိုးနီးယား မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ ဆော်ဒီပရိုလိဂ် ကလပ် နှစ်သင်းလို့ ဖော်ပြကြပေမယ့် လီဝမ်ဒေါစကီးကို ကမ်းလှမ်းခဲ့တဲ့ ပထမ တစ်သင်းက ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် လီဝမ်ဒေါစကီးက နာမည်ကျော် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တိုက်စစ်မှာ တွဲဖက် ကစားခွင့်ရမယ့် အခွင့်အရေးကို ငြင်းဆန် ပယ်ချခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။ စပိန်သတင်းစာ Mundo Deportivo ကတော့ အဲလ်နာဆာ အပြင် နောက်ထပ် ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် ဖြစ်တဲ့ အဲလ်ဟီလာ ကလည်း လီဝမ်ဒေါစကီးကို ခေါ်ယူချင်ခဲ့ပြီး အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြကြောင်း ဖော်ပြထားပါတယ်။
အကယ်၍ လီဝမ်ဒေါစကီး အနေနဲ့ ဒီကလပ် နှစ်သင်းထဲက တစ်သင်းသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ် ဆိုရင်တော့ ရော်နယ်ဒို နေမာ တို့နဲ့ အတူ ကမ္ဘာ့ လုပ်ခလစာ အများဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်လာတော့မှာပါ။ ဒါပေမယ့်လည်း အသက် ၃၇ နှစ် အရွယ် လီဝမ်ဒေါစကီးက ဘောလုံးလောကရဲ့ အမြင်ဆုံး အဆင့် ဖြစ်တဲ့ ဥရောပ မှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ ဘက်ကတော့ လီဝမ်ဒေါစကီးကို သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး ရရှိရင် ရောင်းထုတ်ချင်ခဲ့ပုံ ရပေမယ့် လီဝမ်ဒေါစကီး ကတော့ ကတ်တာလန် ကလပ် အတွက် သစ္စာရှိ ကစားသမား ဖြစ်ကြောင်း သက်သေပြခဲ့တာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက လီဝီရဲ့ အေးဂျင့် ပီနီ ဇာဟာဗီ ကတော့ အနာဂတ်မှာ သူ့ရဲ့ ကစားသမား အနေနဲ့ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်း အရိပ်အမြွက် စကားဆိုထားပါတယ်။ လီဝမ်ဒေါစကီးဟာ လာလီဂါ ချန်ပီယံ တို့နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီး အဲဒီအချိန်မှသာ အနာဂတ်နဲ့ ပတ်သတ်လို့ စဉ်းစားဖွယ်တော့ ရှိနေပါတယ်။
တကယ်တော့ အဲလ်ဟီလာဟာ ဒါဝင် နူညက်ဇ်ကို မခေါ်ယူခင် ရောဘတ် လီဝမ်ဒေါစကီးကို အရင်ဆုံး ကြိုးပမ်းခဲ့တာ ဖြစ်သလို အလားတူ အဲလ်နာဆာ ကလည်း လီဝမ်ဒေါစကီးကို မရလို့သာ ယာအို ဖီးလစ်နဲ့ ကင်စလေ ကိုးမန်း တို့ကို ပြောင်းလဲ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ ဘေယန်မြူးနစ် ကနေ ပြောင်းရွှေ့လာပြီးနောက် ဘာစီလိုနာ အတွက် ၁၄၉ ပွဲ ကစားပြီး ၁၀၁ ဂိုး အထိ သွင်းယူပေးထားတယ်။ ဒါပေမယ့်လည်း လီဝမ်ဒေါစကီးက အခုရာသီ မှာတော့ လာလီဂါ ပွဲစဉ် ၂ ပွဲ ကစားထားချိန် အထိ သွင်းဂိုး မရရှိထားသေးပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.