ဆန်းဒါးလန်းရဲ့ ကစားသမားသစ် ဆိုင်မွန် အဒင်ဂရာက သူတို့ အသင်းရဲ့ ရည်ရွယ်ချက်က ပရီးမီးယားလိဂ်မှာ တည်ငြိမ်နေဖို့ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဆန်းဒါးလန်းဟာ ဒီတစ်ပတ် စနေနေ့မှာ ခရစ္စတယ်ပဲလေ့စ်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဆန်းဒါးလန်းဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲ ကစားပြီးချိန်မှာ အိမ်ကွင်း ပွဲစဉ် ၂ ပွဲ အနိုင်ရထားပြီးတော့ အကောင်းဆုံး စတင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကြောင်နက်တွေဟာ အဖွင့်ပွဲမှာ ဝက်စ်ဟမ်းကို ၃-၀၊ ပွဲစဉ် ၃ မှာ ဘရန့်ဖို့ဒ်ကို ၂-၁ နဲ့ အနိုင်ရထားတာပါ။ ဆန်းဒါးလန်းက သူတို့လိုပဲ တန်းတက် ကလပ် ဖြစ်တဲ့ ဘန်လေ ကိုတော့ အဝေးကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ထားပါတယ်။ ဒါကြောင့် လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၆ နေရာကို ရောက်ရှိနေတဲ့ ဆန်းဒါးလန်းက ပဲလေ့စ်နဲ့ ပွဲမှာတော့ ဒီရာသီ အတွက် ပထမဦးဆုံး အဝေးကွင်း ရလဒ်ကောင်း တစ်ခု ပိုင်ဆိုင်ဖို့ မျှော်လင့်နေပါတယ်။ ဆန်းဒါးလန်းဟာ ပဲလေ့စ်နဲ့ ၂၀၁၇ ခုနှစ်က ပရီးမီးယားလိဂ်မှာ နောက်ဆုံး အကြိမ် တွေ့ဆုံထားခဲ့ပြီး ဆဲလ်ဟတ်စ်ပါ့ခ်မှာ ၀-၄ ရလဒ်နဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။
ဆန်းဒါးလန်းရဲ့ အဓိက ရည်ရွယ်ချက်က ရာသီကုန်ရင် ပရီးမီးယားလိဂ်မှာ တင်ကျန်နေရေး ဖြစ်ပြီးတော့ ဒီအတွက်လည်း ကစားသမား ၁၄ ဦး အထိ ခေါ်ယူ အားဖြည့်ထားပါတယ်။ ဒီအထဲမှာ အန်ဇို လီဖီ၊ ဒီအားရား၊ ရိန်နီလ်ဒို၊ တဲလ်ဘီ၊ အဒင်ဂရာ၊ မူကီလီ၊ ချာကာ၊ ဘရော့ဘီ၊ ဘာထရန် ထရာအိုရေး တို့လို ကစားသမားကောင်းတွေ များစွာ ပါဝင်နေပါတယ်။
အဆိုပါ ခေါ်ယူမှုတွေထဲက တစ်ခု အဖြစ် ဘရိုက်တန် ကနေ ပေါင်သန်း ၂၀နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆိုင်မွန် အဒင်ဂရာ ကတော့ အသင်း အတွက် အကျိုးသက်ရောက်မှု ရှိစွာ ကစားပေးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဆန်းဒါးလန်းရဲ့ ပထမဦးဆုံး ပစ်မှတ် ကတော့ မြင့်မားတဲ့ အဆင့်အတန်း တစ်ခုကို တည်ငြိမ်စွာ ရှိနေရေး ဖြစ်ကြောင်း အဒင်ဂရာက ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အဒင်ဂရာက “ကျွန်တော် တို့မှာ အသင်းကောင်း တစ်သင်း ရှိနေသလို သူတို့က ကြိုဆိုကြပြီး ကျွန်တော့်ကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် လိုက်လျောညီထွေ ဖြစ်အောင် ကူညီပေးခဲ့ပါတယ်။ ကျွန်တော် တို့မှာ တကယ်ကို ကောင်းတဲ့ အသင်းဖော်တွေ ရှိနေပါတယ်။”
“ကျွန်တော် ကစားသမားတွေရဲ့ အရည်အသွေးနဲ့ ကလပ်ရဲ့ ပရောဂျက်ကို ကြည့်တဲ့အခါ ပရီးမီးယားလိဂ်မှာ ရပ်တည်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီကို ရောက်နေတာက နောက်ပြန်ဆုတ်ဖို့ မဟုတ်ဘူး။ ပရီးမီးယားလိဂ်မှာ တည်ငြိမ်စွာ ရှိနေချင်တာပါ။” လို့ အဒင်ဂရာက ပြောကြားခဲ့ပါတယ်။
တစ်ဖက် မှာလည်း ခရစ္စတယ်ပဲလေ့စ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ မရှိသေးတဲ့ ၃ သင်းထဲက တစ်သင်း အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ပဲလေ့စ်ဟာ အဖွင့် ပွဲမှာ ချဲလ်ဆီးကို သရေ၊ ပွဲစဉ် ၂ မှာ ဖောရက်စ်ကို သရေနဲ့ နောက်ဆုံး ပွဲမှာတော့ အက်စတွန်ဗီလာကို ၃-၀ နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လန်ဒန် ကလပ်က နည်းပြ အိုလီဗာ ဂလက်စ်နာ လက်ထက်မှာ ကျစ်လျစ် ကောင်းမွန်တဲ့ အသင်း တစ်သင်း အဖြစ် တည်ဆောက်ထားနိုင်ပါတယ်။ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း တို့မှာ မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့လို အသင်းတွေ ကိုတောင် အနိုင်ယူပြီး ချန်ပီယံ ဖြစ်ထားတဲ့ ပဲလေ့စ်က ဒီရာသီမှာ စောင့်ကြည့်ချင်စရာ အကောင်းဆုံး အသင်း တစ်သင်း အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
နောက်ပြီး ပဲလေ့စ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲဆက် မရှုံးအောင် ကစားထားတာ ဖြစ်ပြီး ၃ ပွဲ နိုင်၊ ၆ ပွဲ သရေဆိုတဲ့ ရလဒ်ကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ မကြာသေးမီက သတင်းတွေ အရ ဆိုရင် ပဲလေ့စ်ဟာ သူတို့ အတွက် အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ရယူပေးထားတဲ့ အိုလီဗာ ဂလက်စနာကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.