ဘရန့်ဖို့ဒ် ကတော့ ညက ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လန်ဒန် ထိပ်သီး ချဲလ်ဆီးကို အိမ်ကွင်းမှာ ၂-၂ သရေရလဒ် ထွက်ပေါ်အောင် ကစားသွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက ပုံစံကောင်း တစ်ခုနဲ့ ကစားနိုင်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်ရဲ့ ခံစစ်ကို စနစ်တကျ ပိတ်ကစားပြီး Long Ball တွေနဲ့ ဂိုးရဖို့ ကြိုးပမ်းခဲ့တဲ့ နည်းဗျူဟာကြောင့် သရေ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ် အတွက် ဦးဆောင်ဂိုး ကိုတော့ တိုက်စစ်မှူး ကီဗင် ချိတ်ဒ်က ဂျော်ဒန် ဟန်ဒါဆန်ရဲ့ ခံစစ် ကနေ လှမ်းပြီး ကန်တင်ပေးပို့တာကို အမိအရ ယူပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ချဲလ်ဆီးက ကိုးလ် ပါးလ်မားရဲ့ ချေပဂိုး၊ မွိုက်စ် ကိုင်စီဒိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၉၀+၃ မိနစ် မှာတော့ ဖေဘီယို ကာဗယ်လ်ဟိုက ချေပဂိုး သွင်းယူခဲ့ပြီး ဘရန့်ဖို့ဒ် အတွက် အဖိုးတန် ၁ မှတ် ရယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးကို ပြန်ကြည့်မယ် ဆိုရင်လည်း ကာဗယ်လ်ဟိုက ချိတ်ဒ်ရဲ့ အားပါပြီး ဂိုးဧရိယာထဲ အရောက် ပစ်ထည့်တဲ့ လက်ပစ်ဘောကို ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
ပျားတွေ အတွက် သူရဲကောင်း ဖြစ်ခဲ့တဲ့ ဖေဘီယို ကာဗယ်လ်ဟိုက ပွဲအပြီးမှာတော့ နည်းပြ ဖြစ်သူ ကိတ်သ် အန်ဒရူးဟာ ဘရန့်ဖို့ဒ်မှာ သူ့ရဲ့ အမှတ်အသားတွေ ပြုလုပ်နေကြောင်း ချီးကျူးသွားခဲ့ပါတယ်။ ကာဗယ်လ်ဟိုက Sky Sports နဲ့ အင်တာဗျူးမှာ “ဘရန့်ဖို့ဒ်က Set-Piece တွေမှာ ကြီးကြီးမားမား လုပ်ဆောင်ပြနေပါတယ်။ အဲဒါက လက်တွေ့ ကျင့်သုံးရာမှာ အသုံးဝင်ပါတယ်။ နေရာလွတ် ရှာဖွေရတာက ထင်သလောက် မလွယ်ပေမယ့် ကျွန်တော် အဲဒါကို လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး“ကျွန်တော်တို့ ကွင်းထဲမှာ ဗီဒီယိုနဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေ အများကြီး လုပ်ပြီးတော့ အဲဒါကို အသုံးချပါတယ်။ ကိတ်သ် (အန်ဒရူး) က ဝန်ထမ်းတွေနဲ့ အတူ သူ့ရဲ့ အမှတ်အသားတွေကို ပြုလုပ်နေပါတယ်။ ဒီရာသီမှာ ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ လုံလောက်တဲ့ အရည်အသွေး ရှိပါတယ်။ ကျွန်တော်တို့ အဆင်ပြေမယ် ဆိုတာ သေချာပါတယ်။ ကစားသမားတွေကို ဆုံးရှုံးခဲ့ရပေမယ့် အရည်အသွေး ရှိတဲ့ ကစားသမားတွေ အများကြီး ထပ်ပေါင်း ထည့်ထားပြီး အတူတူ ရှိနေသရွေ့တော့ အဆင်ပြေသွားမှာပါ။ အရှိန်ရလာရင် ကျွန်တော်တို့ ကောင်းမွန်လာပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။

လစ်ဗာပူးလ် တိုက်စစ်မှူးဟောင်းဟာ နောက်ကျဂိုးတွေ သွင်းယူတတ်တဲ့ အလေ့အထ ရှိပြီး သူ့ရဲ့ ထိပ်တန်း သွင်းဂိုး ၆ ဂိုးစလုံးဟာ ၇၅ မိနစ်နဲ့ နောက်ပိုင်းမှ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံး သွင်းဂိုး ၄ ဂိုး ကတော့ ၈၉ မိနစ် နောက်ပိုင်းမှ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဘရန့်ဖို့ဒ်က ရမှတ် ၄ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေခဲ့ပြီး ချဲလ်ဆီး ကတော့ အဆင့် ၅ နေရာ အထိ ဆင်းခဲ့ရပါတယ်။ ချဲလ်ဆီးဟာ ဇယား ထိပ်ဆုံးကို ယာယီ တက်လှမ်းနိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး ပြိုင်ဘက် အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဘုန်းမောက် တို့ရဲ့ ကျော်တက်ခြင်းကိုလည်း ခံခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက “ဒါက ခက်ခဲတဲ့ ပွဲတစ်ပွဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပထမပိုင်း မှာတော့ သူတို့ ခံစစ်က အရမ်းကောင်းနေတာကြောင့် အဖြေရှာဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ပိုကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ၉၃ မိနစ်မှာ ကျွန်တော် တို့က ချေပဂိုး ပေးခဲ့ရပြီး သာနေတဲ့ အခိုက်အတန့်တွေ မထိန်းထားနိုင်လို့ စိတ်ပျက်စရာပါ။”
ကျွန်တော်တို့ အနေနဲ့ transition တွေနဲ့ Set Piece တွေကို ရှောင်ရှားနိုင်ခဲ့သင့်ပါတယ်။ သူတို့က transition တွေနဲ့ Set Piece ကနေပဲ ဂိုးသွင်းသွားတာလေ။ တခါတရံမှာ ပွဲကစားနေချိန် အတွင်း ကျွန်တော်တို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးချိန်မှာတော့ ကျွန်တော်တို့ ပေးဆပ်လိုက်ရပါတယ်။ ဒါက ရှက်စရာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးက လာမယ့် စက်တင်ဘာလ မှာတော့ ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀ ရက်နေ့မှာတော့ ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲကြပ် တစ်ပွဲ ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.