မန်ချက်စတာယူနိုက်တက် မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ သူ့ရဲ့ ဘောလုံးဒဿနကို ပြောင်းလဲမှာ မဟုတ်ဘဲ အသင်း တာဝန်ရှိသူတွေ အနေနဲ့ အလိုရှိမယ် ဆိုရင် လူကိုသာ အပြောင်းအလဲ လုပ်နိုင်လိမ့်မှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီစကား ကိုတော့ ယူနိုက်တက်က မန်စီးတီးကို ၃-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ အမော်ရင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုး နည်းပြက “ဒါက မန်ချက်စတာယူနိုက်တက်မှာ ရှိသင့်တဲ့ မှတ်တမ်း တစ်ခု မဟုတ်ဘူး ဆိုတာ ကျွန်တော် လက်ခံပါတယ်။ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ခင်ဗျားတို့ မသိတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဘောလုံးဒဿနကို အပြောင်းအလဲ မလုပ်နိုင်ပါဘူး။ သူတို့ (အသင်း တာဝန်ရှိသူတွေ) အပြောင်းအလဲ လုပ်ဖို့ အလိုရှိရင် လူကိုပဲ ပြောင်းလဲရပါလိမ့်မယ်။ ကျွန်တော် ကတော့ ကိုယ်တိုင် အပြောင်းအလဲ လုပ်ဖို့ ဆန္ဒရှိလာတဲ့ အထိ ကျွန်တော့် နည်းလမ်း အတိုင်းပဲ ဆက်သွားမှာပါ။”
“ရလဒ် ကိုတော့ ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အမြင် မှာတော့ ကျွန်တော် တို့က ရလဒ်တွေထက် ပိုကောင်းအောင် လုပ်ဆောင်နေပါတယ်။ ပရိသတ်တွေကို ကျွန်တော် ပြောချင်တဲ့ သတင်းစကား ကတော့ ကျွန်တော် အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။ ကလပ် အတွက် အကောင်းဆုံးက ဘာလဲ ဆိုတာကို အမြဲတမ်း စဉ်းစားနေပါတယ်။ ကျွန်တော် ဒီမှာ ရှိနေသရွေ့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျန်တာ ကတော့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်တော့ပါဘူး။ ကျွန်တော်က (ပရိသတ်တွေထက်) ပိုပြီးတော့တောင် ခံစားနေရပါသေးတယ်။” လို့ အမော်ရင်က ဆိုပါတယ်။
အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကလည်း နည်းပြ ဖြစ်သူ အမော်ရင်ရဲ့ အမြင်ကို ထောက်ခံခဲ့ပြီး မန်စီးတီး သွင်းယူသွားတဲ့ ဂိုးတွေကို ကာကွယ်နိုင်ခဲ့သင့်ကြောင်း ဝန်ခံခဲ့ပါတယ်။ “ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့တာတွေကို ပြန်ကြည့်ရပါမယ်။ ဒါပေမယ့် ဘောလုံးပွဲ တစ်ပွဲကို အနိုင်ရချင်တယ် ဆိုရင် ဒါနဲ့ မလုံလောက်ပါဘူး။ ကျွန်တော်တို့ ဒီနေ့ လုပ်ခဲ့တာတွေက ရလဒ်ကောင်း တစ်ခု ရဖို့ အတွက် လုံလောက်မှု မရှိခဲ့ပါဘူး။” လို့ ဘရူနိုက ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီး အတွက် ဂိုးတွေ ကိုတော့ ပထမပိုင်းမှာ ဖီးလ် ဖိုဒန်နဲ့ ဒုတိယပိုင်း မှာတော့ အာလင်း ဟာလန်း (၂ ဂိုး) တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ မန်ချက်စတာဒါဘီမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၂ ပွဲ အထိ ရှိလာပြီး ရမှတ် လလည်း ၄ မှတ်သာ ရရှိထားပါတယ်။ ဒါကြောင့် ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၁၄ နေရာ အထိ ကျဆင်းသွားခဲ့ပြီး အမော်ရင် လက်ထက်မှာလည်း လိဂ် ရှုံးပွဲ ၁၆ ပွဲ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ရာသီ အဖွင့် ၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄ မှတ်သာ ရရှိထားခြင်းက ယူနိုက်တက် အတွက် ၁၉၉၂-၁၉၉၃ ဘောလုံးရာသီ နောက်ပိုင်း အဆိုးရွားဆုံး ရာသီအဖွင့် မှတ်တမ်း ဖြစ်လာခဲ့ပါတယ်။ အမော်ရင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ယူနိုက်တက်ကို စတင် တာဝန်ယူခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ၃၁ ပွဲမှာ ၈ ပွဲသာ အနိုင်ရရှိထားပါတယ်။ ဒါကြောင့် သူ့ရဲ့ နိုင်ပွဲ ရာခိုင်နှုန်း ၂၆ ရာခိုင်နှုန်းသာ ရှိတာ တွေ့ရပါတယ်။ ဒါဟာ အသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ ပွဲ ၂၀ အထက် ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲက တတိယမြောက် အနိမ့်ဆုံး မှတ်တမ်း ပိုင်ဆိုင်ထားသူ ဖြစ်လာပါတယ်။
အမော်ရင် ကတော့ လက်ရှိမှာ အသင်းနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ၃-၄-၃ အခင်းအကျင်း ကိုသာ ခေါင်းမာစွာနဲ့ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဝေဖန်ထောက်ပြမှုတွေ ရှိနေပေမယ့်လည်း လက်ရှိ အချိန်ထိတော့ ပေါ်တူဂီသားက အပြောင်းအလဲ လုပ်ဖို့ အစီအစဉ် မရှိကြောင်း ပြတ်ပြတ်သားသား ပြောကြားထားတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက် မှာလည်း အမော်ရင်က ယူနိုက်တက် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.