မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်မှာ ချဲလ်ဆီးကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ အနိုင် ၃ မှတ်ကို ခက်ခက်ခဲခဲ ရယူခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ ရူဘင် အမော်ရင်က ယူနိုက်တက်ဟာ အမြဲတမ်း ‘လွယ်တာကို ခက်အောင် လုပ်တတ်ကြောင်း’ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
တကယ်တော့ ဒီပွဲမှာ ယူနိုက်တက်က ရောဘတ် ဆန်းချက်ဇ်ရဲ့ အနီကတ်ကြောင့် ပွဲချိန် ၅ မိနစ်မှာထဲက တစ်ယောက် အသာနဲ့ ကစားခဲ့ရသလို ဦးဆောင်ဂိုး ၂ ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒီအနီကတ် ကတော့ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးရဲ့ အစောဆုံး အနီကတ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ ကက်စ်မဲရိုးရဲ့ မလုပ်သင့်တဲ့ အမှားကြောင့် ၁၀-၁၀ ပြန်ဖြစ်ခဲ့ရပြီး ပွဲရဲ့ ချိန်ခွင်လျှာလည်း ညီသွားကာ လက်ကျန် မိနစ်တွေမှာ ပြိုင်ဘက်ရဲ့ ဖိအားပေးမှုကို ခံခဲ့ရပါတယ်။ ကက်စ်မဲရိုးသာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်မခံရရင် ယူနိုက်တက်ဟာ လက်ကျန် မိနစ်တွေကို တစ်ယောက်အသာ၊ သွင်းဂိုး ၂ ဂိုး အသာနဲ့ ကစားနိုင်မှာ ဖြစ်ပေမယ့် အခုတော့ နိုင်ပွဲ ရဖို့ကို အသည်းအသန် ကစားခဲ့ရတာပါ။
နှစ်သင်းစလုံး အနီကတ် ပြသခံခဲ့ရခြင်း ကတော့ ၂၀၁၄ ခုနှစ် အောက်တိုဘာလက ချဲလ်ဆီး-ပဲလေ့စ် ပရီးမီးယားလိဂ် ပွဲစဉ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ချဲလ်ဆီးက ဆီဇာ အက်ဇ်ပီလီကွယ်တာနဲ့ ခရစ္စတယ်ပဲလေ့စ်က ဒါမီယန် ဒီလာနေးတို့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အမော်ရင်က ပွဲအပြီး BBC Sport နဲ့ အင်တာဗျူးမှာ “ပြိုင်ဘက်ကောင်းနဲ့ တွေ့ဆုံချိန်မှာ ရရှိတဲ့ နိုင်ပွဲတိုင်းက အရေးကြီးပါတယ်။ ကျွန်တော် တို့ဟာ နည်းစနစ် မှန်ကန်စွာနဲ့ ပွဲကို စတင်ခဲ့ပါတယ်။ တကယ်ကို ပြင်းထန်လွန်းပါတယ်။ အနီကတ်က ကျွန်တော် တို့ကို ပွဲကို လွှမ်းမိုးနိုင်အောင် ကူညီပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့က ပွဲကို လွှမ်းမိုးထားနိုင်ပြီးသားပါ။ ကျွန်တော်တို့ ၂ ဂိုး သွင်းနိုင်ခဲ့ပြီးနောက် ကျွန်တော်တို့ ပွဲကို ရှုပ်ထွေးအောင် လုပ်လိုက်မိတယ်။ အမြဲတမ်း ရှုပ်ထွေးနေတာပါပဲ။ တကယ်တော့ ဒီပွဲက ကွဲပြားခြားနားသင့်ပါတယ်။”
“ကျွန်တော်တို့ရဲ့ ပရိသတ်တွေက ကျေနပ်စရာပါ။ သူတို့က အရာ အားလုံး ပေးဖို့ ရှိနေတာပါ။ အဲဒါက ကျွန်တော် တို့ရဲ့ ကစားသမားတွေ နားလည်ထားရမယ့်အရာပါ။ ကျွန်တော် တို့နဲ့ အတူ လူစုလူဝေး ရှိဖို့၊ ပြေးလွှားဖို့၊ တိုက်ခိုက်ဖို့ပဲ လိုပါတယ်။ ကျွန်တော် တို့ဟာ ဒီပွဲကို အနိုင်ရခဲ့တဲ့ ခံစားချက်ကောင်းကို မေ့ထားပြီး နောက်တစ်ပွဲမှာ အနိုင်ရဖို့ ခံစားချက်ကို ထည့်ထားရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။တကယ်တော့ ချဲလ်ဆီးဟာ ၁၀ ယောက် ၁၀ ယောက် ပြန်ဖြစ်သွားချိန်မှာ ပွဲကို ပြန်လည် လွှမ်းမိုးနိုင်ခဲ့ပြီး လိုအပ်နေတဲ့ ဂိုးတွေ ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာရဲ့ အနည်းငယ် လောသွားတဲ့ နည်းဗျူဟာနဲ့ ကစားသမား အပြောင်းအလဲတွေကြောင့် ချဲလ်ဆီးက ထရီဗော့ ချာလိုဘာရဲ့ ချေပဂိုး ၁ ဂိုးနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါ့အပြင် မာရက်စ်ကာရဲ့ ပြောကြားချက်အရ ရာနှုန်းပြည့် ကြံ့ခိုင်မှု မရှိသေးတဲ့ ကိုးလ် ပါးလ်မားရဲ့ အခြေအနေ၊ ဖိုဖာနာရဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့် ဂါနာချို အစား တိုင်ရစ်ခ် ဂျော့ဂျ်နဲ့ ဂူစတို ကိုသာ ထည့်လိုက်ရတာတွေက ချဲလ်ဆီး အတွက် ပေးဆပ်မှု ကြီးမားသွားခဲ့တာ ဖြစ်ပါတယ်။ တကယ်ဆိုရင် မာရက်စ်ကာသာ တိုက်စစ် ကစားသမား ၃ ဦးကို တပြိုင်နက် လူစားမလဲခဲ့ရင် ပွဲအဖြေက တမျိုးတဖုံ ပြောင်းလဲသွားနိုင်မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.