မနေ့ညက ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ တောင်ပံ တိုက်စစ် မာတင်နယ်လီက အရန်ကစားသမား အဖြစ် ရပ်တည်လိုခြင်း မရှိပဲ ပွဲတိုင်းမှာ ပွဲချိန်ပြည့် ကစားခွင့်ရချင်ကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ ဘရာဇီးလ် တောင်ပံ ကစားသမားက မန်စီးတီးနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ အခုလို ပြောကြားခဲ့ပါတယ်။
မာတင်နယ်လီက “ပွဲထွက် ကစားသမား စာရင်းမှာ ကျွန်တော် မပါခဲ့ပါဘူး။ နည်းပြက သူဘာလုပ်ရမလဲ ဆိုတာ သိပါတယ်။ ကျွန်တော် ကတော့ အကောင်းဆုံး လုပ်ဆောင်ပြီး အသင်းကို ကူညီဖို့ပါပဲ။ ဒါပေမယ့် ကျွန်တော် အရန်ခုံမှာ မထိုင်ချင်ပါဘူး။ ပွဲတိုင်းမှာ မိနစ် ၉၀ စလုံး ကစားချင်တာပါ။ ဒါပေမယ့် သူ (အာတေးတား) ကသာ အကြီးအကဲ ဖြစ်ပြီး သူ့ကို အားလုံး ယုံကြည်ကြပါတယ်။ သူနဲ့ အတူ ကျွန်တော်တို့ တကယ် ပျော်ရွှင်ရပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
မာတင်နယ်လီဟာ အစောပိုင်း ပွဲစဉ်တွေမှာ အမှားတွေ ပြုလုပ်ခဲ့ပြီး အမြဲတမ်းလိုလို ခေါင်းငုံကာ ဘောလုံး ဆွဲပြေးတတ်တာကြောင့် ဝေဖန်ခံခဲ့ရသူပါ။ တချို့ ဆိုရင် မာတင်နယ်လီကို ရောင်းထုတ်ဖို့ အထိတောင် လိုလားမှုတွေ ရှိခဲ့ကြပါတယ်။ ဒီရာသီအစ ယူနိုက်တက်၊ လစ်ဗာပူးလ်၊ နော့တင်ဟမ်ဖောရက်စ် တို့နဲ့ ပွဲတွေမှာ မာတင်နယ် တစ်ယောက် ပုံမှန် ခြေစွမ်းအောက် ကျဆင်းနေခဲ့ပြီးတော့ လိဒ်စ်နဲ့ ပွဲမှာလည်း အရန်ခုံသာ ထိုင်ခဲ့ရပါတယ်။ ဘရာဇီးလ်သားက ဘီလ်ဘာအိုနဲ့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် မှာတော့ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိခဲ့ပြီး တစ်ဂိုး သွင်းကာ တစ်ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်က ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် မာတင်နယ်လီ ဝင်ရောက်လာချိန်မှာတော့ တစ်မိနစ် မပြည့်ခင်မှာပဲ ဂိုးရခဲ့ပါတယ်။

မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း အာဆင်နယ်က ပွဲပြီးခါနီး အထိ မန်စီးတီးကို ၀-၁ ရလဒ်နဲ့ အရေးနိမ့်နေခဲ့တာပါ။ ဒါပေမယ့်လည်း မာတင်နယ်လီ ဝင်ရောက်လာချိန်မှာ အာဆင်နယ်တို့ လိုအပ်နေတဲ့ ချေပဂိုး ရရှိခဲ့ပြီး မန်စီးတီးနဲ့ သရေ တစ်မှတ်ခွဲယူနိုင်ခဲ့ပါတယ်။ မာတင်နယ်လီ အနေနဲ့ နှစ်ပွဲ ဆက်တိုက် အာဆင်နယ်ကို ကယ်တင်နိုင်ခဲ့ပြီး နောက်မှာတော့ ပရိသတ်တွေရဲ့ အမြင်တွေလည်း ပြောင်းလဲသွားခဲ့ပြီး အသင်းက မရောင်းထုတ်ခဲ့တာ မှန်ကန်ကြောင်း ပြောဆိုမှုတွေပါ ရှိလာခဲ့ပါတယ်။
နည်းပြ ဖြစ်သူ မီခဲလ် အာတေးတား ကတော့ မာတင်နယ်လီရဲ့ အဆုံးသတ် ဂိုးသွင်းပုံကို မယုံနိုင်အောင် ဖြစ်ခဲ့ရကြောင်း ချီးကျူးခဲ့ပါတယ်။ “မာတီနယ်လီ အရန်ခုံ ကနေ ထပြီး ဂိုးသွင်းနိုင်တဲ့ အတွက် အရမ်းပျော်ပါတယ်။ အဲဒီ အတွက် သူဒီကိုရောက်နေတာပါ။ အက်ဘ် (အီးဇီး) လည်း တူတူပါပဲ။ ဂါဘီနဲ့ တွဲဖက် ကစားပုံစံ၊ ချိန်သားကိုက် ပြေးလွှားမှု၊ အဆုံးသတ် အရည်အသွေးက မယုံနိုင်စရာပါပဲ။” လို့ အာတေးတားက ဆိုပါတယ်။
ဆက်လက်ပြီးတော့လည်း အာတေးတားက “ကျွန်တော့် ကစားသမားတွေ၊ ကစားပုံ၊ ကျွန်တော်တို့ ပွဲကို လွှမ်းမိုးထားတဲ့ ပုံစံကို ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ်။ ပွဲကို မနိုင်လို့တော့ အရမ်းပဲ စိတ်ပျက်မိပါတယ်။”
မန်စီးတီးရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီးတော့ အာတေးတားက “ကျွန်တော် တို့မှာ ၅ ယောက်နဲ့ နှစ်ယောက် တွေ့တဲ့ အခြေအနေမျိုး ကြုံခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ဟာလန်းက ပြေးလာပြီး နေရာလွတ်ကို ဝင်ပြီး တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ဒါက သူတို့မှာ ရှိနေတဲ့ အရေအသွေးပါ။” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ အာဆင်နယ်က ဒီပွဲမှာ ရရှိခဲ့တဲ့ သရေ တစ်မှတ်ကြောင့် ရမှတ် ၁၀ မှတ်နဲ့ ပရီးမီးယားလိဂ် ဇယားထိပ်က လစ်ဗာပူးလ်ကို ၅ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ မန်စီးတီး ကတော့ ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၉ မှတ် ပြတ်တောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.