အာဆင်နယ် တောင်ပံ ကစားသမား နိုနီ မာဒူခေး ကတော့ ဒူးဒဏ်ရာကြောင့် ၂ လခန့် အနားယူရတော့မှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ မာဒူခေးဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အတွက် ခြေစွမ်းပြနေသူ ဖြစ်တာကြောင့် ဂန်းနား ပရိသတ်တွေ အတွက် ကတော့ စိတ်ပျက်စရာ သတင်း တစ်ပုဒ် ဖြစ်လာမှာပါ။
အသက် ၂၃ နှစ် အရွယ် အင်္ဂလန် တောင်ပံ ကစားသမားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ မာဒူခေးဟာ အဲဒီပွဲမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခဲ့ပေမယ့် ပထမပိုင်းအပြီး မှာတော့ ဘူကာယို ဆာကာနဲ့ လူစားလဲခဲ့ရပါတယ်။ မာဒူခေးရဲ့ ဒဏ်ရာဟာ ကစားသမားတွေ အတွက် အိမ်မက်ဆိုးကြီး ဖြစ်တဲ့ ACL ဒဏ်ရာ အမျိုးအစား မဟုတ်ပေမယ့် တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဆေးစစ်ချက်တွေ အရတော့ အာဆင်နယ်ရဲ့ လာမယ့် ပွဲစဉ် အများအပြားကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မာဒူခေးက အာဆင်နယ်ရဲ့ ပွဲစဉ်တွေတင် မဟုတ်ပဲ အင်္ဂလန်ရဲ့ နိုင်ငံတကာ ပွဲစဉ်တွေ ကိုလည်း လွဲချော်တော့မှာ ဖြစ်ပါတယ်။
ဒီနွေရာသီမှာ ချဲလ်ဆီး ကနေ ပေါင် ၄၈.၅ သန်း နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မာဒူခေးဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပွဲစဉ် ၆ ပွဲစလုံး ပါဝင်ကစားထားပြီး အသင်းရဲ့ အဓိက ကစားသမား တစ်ဦး အဖြစ် ရှိနေသူပါ။ မာဒူကေးရဲ့ ဒဏ်ရာဟာ လက်ရှိမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ် အတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခု ဖြစ်လာတယ်လို့ပဲ ဆိုရပါမယ်။ ဒါပေမယ့် ကံကောင်းတာက ဘယ်တောင်ပံ နေရာမှာ အဓိက ကစားတဲ့ ဘူကာယို ဆာကာ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာခဲ့တာ ဖြစ်ပါတယ်။ အရင်က ဆိုရင် အာဆင်နယ်ဟာ ဒဏ်ရာ ပြဿနာတွေ များပြားလာချိန်မှာ သိသိသာသာ ရုန်းကန်ရလေ့ရှိတဲ့ အသင်း ဖြစ်ပါတယ်။ ဒီရာသီမှာတော့ ထိရောက်တဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် တောင့်တင်းတဲ့ လူစာရင်းနဲ့ အတူ အကောင်းဆုံး ရှေ့ဆက်နိုင်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ အာဆင်နယ်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ကိုင်ဟာဗက်ဇ်၊ ဂါဘရီရယ် ဂျေဇုစ်၊ မာတင် အိုဒီဂတ်၊ ဟင်ကပ်ပီတို့ ရှိနေပါတယ်။ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားထားရတဲ့ ကိုင် ဟာဗက်ဇ်က ပြီးခဲ့တဲ့လကမှ ဒူးဒဏ်ရာကို ခွဲစိတ်မှု ကုသမှုခံယူထားရပြီး ပြန်လည် ကစားနိုင်ခြင်း မရှိသေးသလို ဂါဘရီရယ် ဂျေဇုစ် ကလည်း ဇန်နဝါရီလ ကတည်းက ACL ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ ဒါကြောင့် လက်ရှိမှာ အထောင် တိုက်စစ်မှူး အဖြစ် ဗစ်တာ ယိုကီးရက်စ် တစ်ဦးတည်းကို အသုံးပြုနေရပြီး ဆွီဒင်သား အနေနဲ့ အခုထက် ပိုပြီး အားကိုးရဖို့ လိုနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ကလည်း ပခုံး ဒဏ်ရာကြောင့် အနားယူနေရပါသေးတယ်။
အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ မန်စီးတီးနဲ့ ပွဲအပြီး မာဒူခေးရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်လို့ “သူက ပွဲအစပိုင်းမှာတင် ပြဿနာ တစ်ခု ဖြစ်သွားခဲ့ပြီး ပွဲကို ဆက်ပြီး ကစားဖို့ အခြေအနေ မပေးတော့တာပါ။” လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက် အရ ဆိုရင်တော့ မာဒူခေးဟာ ဒူးဒဏ်ရာရသွားပေမယ့် ဆေးစစ်ချက် ရလဒ်တွေအရ ကံကောင်းစွာနဲ့ ACL ဒဏ်ရာ မဟုတ်ခဲ့ပဲ ၂ လနီးပါးတော့ အနားယူရမယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ဇယားထိပ်က လစ်ဗာပူးလ်ကို ၅ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်က ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် မှာလည်း အက်သလက်တစ် ဘီလ်ဘာအိုကို အနိုင်ရရှိထားပြီး ဒီကနေ့ မှာတော့ ခရာဘောင်ဖလား တတိယအဆင့် ပွဲစဉ် အဖြစ် အသင်းငယ်လေး ပို့တ်ဗေးလ်နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.