ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရထားတဲ့ မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ပွဲမှာတော့ နော့တင်ဟမ်ဖောရက်စ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ စီးတီးဂရောင်းမှာ နော့တင်ဟမ်ဖော်ရက်စ်ကို နောက်ကနေ လိုက်ကစားခဲ့ရတဲ့ ယူနိုက်တက်က အာမက်ဒ် ဒီယာလိုရဲ့ ချေပဂိုးကြောင့်သာ ရှုံးပွဲ မတွေ့ခဲ့တာ ဖြစ်ပေမယ့် နိုင်ပွဲဆက်မှု ကတော့ ရပ်တန့်သွားခဲ့ရပါတယ်။
ဒီပွဲမှာ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ဟာ ဘရိုက်တန်နဲ့ ပွဲတုန်းက ပွဲထွက်လူစာရင်း အတိုင်းပဲ ဆက်လက် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် နည်းပြဘ၀ ပထမဦးဆုံး အကြိမ်အဖြစ် ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် တူညီတဲ့ ပွဲထွက် ၁၁ ဦး စာရင်းကို အသုံးပြုခဲ့ခြင်းလည်း ဖြစ်ခဲ့ပါတယ်။ ရှောင်ဒိုက်ချ်ရဲ့ ဖောရက်စ် ကတော့ သူ့တို့ အသင်းရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဂျေဇုစ်၊ ဂစ်ဘ်ဝှိုက်၊ အိုဒွိုင်း၊ အန်ဒိုယီ၊ လူးဝစ်ဇ်၊ အန်ဒါဆန်၊ မီလန်ကိုဗစ်၊ ဆာဗိုနာ၊ မူရီလို တို့နဲ့ ရင်ဆိုင်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပထမပိုင်းမှာ အိမ်ရှင်တို့ထက် ပိုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့သလို ကက်စ်မဲရိုးရဲ့ သွင်းဂိုးနဲ့လည်း ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘော ကနေ ကက်စ်မဲရိုး ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပြီး နော့တင်ဟမ်ဖော်ရက်စ် နောက်ခံလူ ဆာဗိုနာဟာ ဂိုးစည်း မကျော်ခင်မှာပဲ ဘောလုံးရယူနိုင်ခဲ့ပေမဲ့ စည်းကြပ်ဒိုင်က ထောင့်ကန်ဘော သတ်မှတ်ခဲ့တာကြောင့် အငြင်းပွားစရာတော့ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း အရောက်မှာတော့ ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်နိုင်ဖို့ အသေအလဲ ရုန်းလာတဲ့ ဖောရက်စ်ကြောင့် ယူနိုက်တက်တို့ ခက်ခဲခဲ့ပါတယ်။ နော့တင်ဟမ်ဖော်ရက်စ်ဟာ အမြင့်ဘောတွေကို အဓိက အားပြုပြီး တိုက်စစ်ဖွင့် ကစားတတ်တဲ့ အသင်း ဖြစ်ပေမယ့် အမော်ရင် အနေနဲ့ Aerial ကောင်းတဲ့ မက်ဂွိုင်းယားကို အသုံးမပြုခဲ့ခြင်း ကလည်း ယူနိုက်တက် အတွက် အားနည်းသွားစေခဲ့ပါတယ်။ ယူနိုက်တက် ပေးလိုက်ရတဲ့ ၂ ဂိုး စလုံး ကလည်း အမြင့်ဘောတွေ ကနေ ဖြစ်ပြီး ယူနိုက်တက် ခံစစ်ရဲ့ အမြင့်ဘော အားနည်းမှု ကနေ ဂစ်ဘ်ဝှိုက်နဲ့ ဆာဗိုနာ တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ အရင်နဲ့ မတူတော့တာက ပြိုင်ဘက်ကို ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် တည်ငြိမ်စွာနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပယ်နယ်တီ ဧရိယာထိပ် ကနေ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်ချက်က တိုင်ထိခဲ့သလို ပွဲပြီးခါနီးမှာ အာမက်ဒ် ဒီယာလိုရဲ့ အပိုင်ကန်သွင်းမှုကို နော့တင်ဟမ်ဖော်ရက်စ် နောက်ခံလူ မူရယ်လို ဂိုးစည်းပေါ် ကနေ ရှင်းထုတ်သွားခဲ့လို ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ ယူနိုက်တက် အတွက် ချေပဂိုး ကိုတော့ ဒီယာလိုက ပွဲချိန် ၈၁ မိနစ်မှာ မြေမကျကန်ချက်နဲ့ လှလှပပ သွင်းယူခဲ့ပြီး အာမက်ဒ် အတွက် ဒီရာသီ ပထမဦးဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။
ဒီနေ့ပွဲ ယူနိုက်တက် တိုက်စစ်မှာ ဘင်ဂျာမင် ဆက်စ်ကို တစ်ယောက် လူပို ဖြစ်နေခဲ့ပြီး ကစားကွက်ထဲမှာ ထိရောက်တဲ့ ပါဝင်ပတ်သက်မှုမျိုးလည်း မလုပ်နိုင်ခဲ့ပါဘူး။ အသင်းဖော်တွေ အတွက်လည်း နေရာလွတ်တွေ မရှာဖွေနိုင်ခဲ့သလို ပြိုင်ဘက် ခံစစ်ရဲ့ အာရုံစိုက်မှု ရအောင်လည်း မလုပ်နိုင်ခဲ့ပါဘူး။ အမော်ရင် အနေနဲ့ ဒုတိယပိုင်းလောက်ကတည်းက အရန် တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီးကို လူစားလဲခဲ့သင့်ပေမယ့် ပွဲပြီးတဲ့ အထိ ဆက်စ်ကို,ကိုပဲ ဘာကြောင့် သုံးခဲ့သလဲ ဆိုတာ ကတော့ မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။
ချုံငုံသုံးသပ်ရရင် ယူနိုက်တက်တို့ နိုင်ပွဲ ဆက်မှု ရပ်တန့်ခဲ့တယ် ဆိုပေမယ့် ဒီနေ့ပွဲမှာ အရင်နဲ့ မတူတဲ့ အပေါင်း လက္ခဏာဆောင်တဲ့ အခြေအနေ တချို့ မြင်တွေ့ခဲ့ရပါတယ်။ တိုးတက်မှုတွေ မြင်ရသလို အမော်ရင်ရဲ့ နည်းစနစ်ပိုင်း အမှားတချို့ ကိုလည်း မြင်ခဲ့ရပါတယ်။ ဒီပွဲဟာ နှစ်သင်းစလုံး အတွက် သရေ ၁ မှတ်နဲ့ပဲ ထိုက်တန်ခဲ့တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။
ပွဲအပြီးမှာ နော့တင်ဟမ်ဖောရက်စ် ကတော့ ရမှတ် ၆ မှတ်နဲ့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ဆက်ရှိနေခဲ့ပြီးတော့ ယူနိုက်တက် ကတော့ အဆင့် ၇ နေရာကို ရောက်ရှိသွားပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမှာသာ အနိုင်ရလိုက်ရင် အဆင့် ၂ နေရာ အထိ ယာယီ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် အခွင့်အရေး ကိုတော့ အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
					
										
										
										
										
										
										
			
							
							
							
									
				

