မန်ချက်စတာစီးတီးနဲ့ ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ မာ့ခ် ဂူဟီရဲ့ ‘စံနှုန်း မြင့်မားမှု’ အပေါ် နည်းပြ ပပ် ဂွါဒီယိုလာက ချီးကျူးလိုက်ပါတယ်။ ဂူဟီဟာ ဝုဗ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီး အတွက် ပထမဆုံးအကြိမ် ပွဲထွက် ကစားပေးခဲ့ပြီး အသင်း အတွက် ဂိုးမပေးရအောင် ကူညီပေးနိုင်ခဲ့သလို ဂွါဒီယိုလာရဲ့ ချီးကျူးမှု ကိုလည်း ရရှိခဲ့ပါတယ်။
အက်တီဟတ်မှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ အိုမာ မာမွတ်ရှ်နဲ့ အန်တွန် ဆီမီညို တို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေကြောင့် မန်စီးတီးတို့ ၃ မှတ် အပြည့် ရရှိခဲ့တာပါ။ ဆီမီညို အတွက်တော့ ဒါဟာ မန်စီးတီး အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအစပိုင်းမှာ ဂူဟီရဲ့ ဖြတ်ဘောနဲ့ ဖန်တီးပေးခဲ့တဲ့ အခွင့်အရေးကို ဆီမီညို အသုံးမချနိုင်ခဲ့ပေမယ့် ဘောလုံး ပေးပို့မှု ၉၅ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး အသင်းမှာ အများဆုံး မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။
ပပ် ဂွါဒီယိုလာက BBC Match of the Day နဲ့ အင်တာဗျူးမှာ “နောက်ဆုံး ၄ ပွဲ၊ ၅ ပွဲလောက်မှာ ရှုံးပွဲ မရှိထားတဲ့ အသင်း တစ်သင်းကို အနိုင်ရခဲ့တာမို့ တကယ်ကို ကျေနပ်မိပါတယ်။ ခရစ္စတယ်ပဲလေ့စ်ရဲ့ အသင်းခေါင်းဆောင် ဖြစ်ခဲ့တယ် ဆိုတာ ကတော့ တစ်ခုခု ထူးခြားလို့ပါပဲ။ သူ့အတွက် တကယ်ပဲ ဝမ်းသာပါတယ်။ သူဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အမြဲတမ်း တောင်းဆိုနေတတ်တဲ့ (လိုချင်စိတ်များတဲ့) ကစားသမားပါ။ ကစားသမားကောင်းတွေဟာ ပွဲကို မြန်မြန်ဆန်ဆန် အသားကျအောင် ကစားနိုင်ကြပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂူဟီ ကလည်း သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ “ကျွန်တော့် ဘက်ကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အသင်းရဲ့ အရှိန်အဟုန်ကို မှီဖို့ သင်ယူရမှာတွေ အများကြီး ရှိပါသေးတယ်။ နေရာယူတာနဲ့ တခြား အသေးစိတ်အချက်တွေ အများကြီး ရှိပေမယ့် တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ အသင်းမှာ ကောင်းမွန်တဲ့ စိတ်ဓာတ်တွေ ရှိနေတာကြောင့် နောက်ပွဲတွေ မှာလည်း ဒီလို အရှိန်အဟုန်မျိုးနဲ့ အနိုင်ရအောင် ဆက်ပြီး ကြိုးစားသွားပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ် ဇယားထိပ်က ဦးဆောင်နေတဲ့ အာဆင်နယ်ကို ၄ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးထားနိုင်ပါတယ်။ ဒါပေမယ့် ဒီကနေ့ ညမှာ အာဆင်နယ်က ယူနိုက်တက်ကို အနိုင်ရခဲ့မယ် ဆိုရင်တော့ ၇ မှတ် ပြန်လည် ကွာဟသွားမှာ ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း ဝုဗ်က ဒီရာသီ ပရီးမီးယားလိဂ် ၂၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၈ မှတ် (၁ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၁၇ ပွဲ ရှုံး) သာ ရရှိထားပါတယ်။ ဒါဟာ အင်္ဂလန် ထိပ်တန်းလိဂ် သမိုင်းတလျှောက် ပွဲစဉ် ၂၃ အပြီးမှာ ရမှတ် အနည်းဆုံး ရရှိတဲ့ ၅ သင်းမြောက် အသင်း အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီပွဲဟာ နည်းပြ ရော့ဘ် အက်ဒ်ဝက်ဒ် အတွက် ပရီးမီးယားလိဂ် ပွဲ ၅၀ မြောက် (လူတန်တောင်းနဲ့ ၃၈ ပွဲ၊ ဝုဗ်နှင့် ၁၂ ပွဲ) ဖြစ်ပြီး ၃၂ ပွဲမြောက် ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။ လိဂ်သမိုင်းမှာ ပွဲ ၅၀ အတွင်း သူ့ထက် ပိုရှုံးထားတာ ဆိုလို့ မစ်ခ် မက်ကာသီ (၃၈ ပွဲ) နဲ့ ဒန်နီရယ် ဖာကီ (၃၅ ပွဲ) တို့ပဲ ရှိပါတယ်။
အက်ဒ်ဝက်ဒ် ကတော့ ပွဲအစ ၆ မိနစ်မှာတင် အိုမာ မာမွတ်ရှ်ရဲ့ ဂိုးကို ခွင့်ပြုလိုက်ရတာ စောလွန်းသွားပေမယ့် သူ့ အသင်း ကစားသမားတွေရဲ့ ရဲရဲဝံ့ဝံ့ တုန့်ပြန် ကစားနိုင်ခဲ့တဲ့ အတွက် ကိုတော့ ကျေနပ်မှု ရှိကြောင်း ပြောကြားခဲ့ပါတယ်။ အခုဆိုရင်တော့ ဝုဗ်က ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်က အသင်းနဲ့ ၁၄ မှတ် အထိ ကွာဟသွားခဲ့ပြီး ရာသီကုန်ရင် တန်းဆင်းရနိုင်ခြေ များသွားပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


