လစ်ဗာပူးလ်ရဲ့ ပေါင်သန်း ၁၀၀ တန် ကြယ်ပွင့် ဖလော်ရီယန် ဗစ်ဇ် ကတော့ အစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် အခုလက်ရှိ မှာတော့ သူ့ရဲ့ခြေစွမ်း အစစ်အမှန်ကို ပြသလာနိုင်ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဗစ်ဇ်ကို ပြီးခဲ့တဲ့ နွေရာသီက လေဗာကူဆင် ကနေ အပိုဆုကြေးတွေ အပါအဝင် ပေါင် ၁၁၆ သန်း ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီလို ခေါ်ယူခဲ့လို့ ဘောလုံးလောက တစ်ခုလုံး အံ့အားသင့်ခဲ့ရပြီး သူဟာ ကမ္ဘာ့အလားအလာ အရှိဆုံး လူငယ် ကစားသမား တစ်ယောက် ဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံ ဖြစ်ခဲ့တဲ့ လစ်ဗာပူးလ်ကို ပိုမိုတောင့်တင်းစေမယ့်သူ အဖြစ် လူတိုင်းက ယူဆခဲ့ကြပါတယ်။ ဗစ်ဇ်ဟာ အစပိုင်းမှာ အများ မျှော်လင့်သလို ဖြစ်မလာခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေ မှာတော့ လစ်ဗာပူးလ်ရဲ့ အနာဂတ် ဗဟိုချက်မ ဖြစ်လာမယ့် အရည်အချင်းတွေကို စတင် ပြသလာနိုင်တာ တွေ့ရပါတယ်။
ရုန်းကန်မှုတွေနဲ့ စတင်ခဲ့ရတဲ့ အင်္ဂလန်မြေ အတွေ့အကြုံ
ဗစ်ဇ်ဟာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် မှာတင် အစ်ကီတီကေး အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် မှာတော့ သူက လေဗာကူဆင်မှာတုန်းကလို အသင်းဖော်တွေနဲ့ နားလည်မှု ယူဖို့ ခက်ခဲနေခဲ့သလို၊ ရုပ်ပိုင်းဆိုင်ရာ အရလည်း ပြိုင်ဘက်တွေရဲ့ ဖိအားပေးမှုကို ခံခဲ့ရပါတယ်။
နည်းပြ အာနေး ဆလော့တ် ကတော့ အသက် ၂၂ နှစ် အရွယ် လူငယ် ကစားသမား တစ်ယောက် အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ အရှိန်အဟုန်ကို အသားကျဖို့ အချိန်ယူရတာ သဘာဝကျတယ်လို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာ ဗစ်ဇ် ကြွက်တက်လို့ လူစားလဲခဲ့ရစဉ်က ဆလော့တ်က “ဒါဟာ ဒဏ်ရာ မဟုတ်ဘူး၊ ပရီးမီးယားလိဂ် ကနေ သူ့ကို ကြိုဆိုလိုက်တာ ဖြစ်တယ်။” လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
တဖြည်းဖြည်း တိုးတက်လာတဲ့ ကိန်းဂဏန်းအချက်အလက်များ
ဒီဇင်ဘာလလယ်လောက် အထိ ဗစ်ဇ်ဟာ ပရီးမီးယားလိဂ်မှာ ဂိုး သို့မဟုတ် ဂိုးဖန်တီးမှု တစ်ကြိမ်မှ မရရှိခဲ့ပါဘူး။ ဒါပေမယ့် ကိန်းဂဏန်းတွေအရ သူဟာ အခွင့်အရေးတွေ ဖန်တီးပေးနေခဲ့တာ ဖြစ်ပြီး အသင်းဖော်တွေ ကသာ အဆုံးမသတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
အချက်အလက်တွေ အရ ဆိုရင် ဗစ်ဇ်က ရာသီအစ ပွဲ ၂၀ မှာ တစ်ပွဲကို ပျမ်းမျှ ၆၃.၉ ကြိမ်သာ ဘောလုံး ထိခဲ့ပေမယ့်၊ နောက်ဆုံး ၁၂ ပွဲမှာ ၈၁.၉ ကြိမ် အထိ တိုးတက်လာခဲ့ပါတယ်။ (ဒါဟာ လေဗာကူဆင် မှာတုန်းက ၈၃.၆ ကြိမ်နဲ့ နီးစပ်လာတာပါ)။ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ထိတွေ့မှု မှာတော့ တစ်ပွဲကို ၅.၀ ကြိမ် ကနေ ၇.၆ ကြိမ် အထိ မြင့်တက်လာခဲ့ပါတယ်။
သွင်းဂိုးတွေ စတင် လည်ပတ်လာခြင်း
တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲမှာ အလက်ဇန္ဒား အိဆက်ခ် အတွက် ဂိုးဖန်တီးမှု ပေးနိုင်ခဲ့ပြီးနောက် ဗစ်ဇ်ရဲ့ ယုံကြည်မှုတွေ ပြန်တက်လာခဲ့ပါတယ်။ ဝုဗ်နဲ့ ပွဲမှာ သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို ရရှိခဲ့သလို၊ အဲဒီနောက်ပိုင်း ဖူလ်ဟမ်၊ ဘန်လေနဲ့ နယူးကာဆယ် တို့နဲ့ ပွဲတွေမှာလည်း ဆက်တိုက် ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ အထူးသဖြင့် နယူးကာဆယ်ကို ၄-၁ နဲ့ အနိုင်ရတဲ့ ပွဲမှာ သူဟာ ၁ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီးနိုင်ခဲ့ပြီး အသင်းဖော် အစ်ကီတီကေးနဲ့ နားလည်မှု အရှိဆုံး အတွဲအဖက် (၆ ဂိုး အထိ အပြန်အလှန် ဖန်တီးပေးထား) အဖြစ် ရပ်တည်နေပါတယ်။
ဒီနေရာမှာ သတိပြုမိတာက ဗစ်ဇ်ဟာ လစ်ဗာပူးလ် အတွက် ကစားပေးတဲ့ ပထမဆုံး ၂၁ ပွဲမှာ ၃ ဂိုးဖန်တီးမှုသာ ရှိခဲ့ပေမယ့်၊ နောက်ဆုံး ၁၁ ပွဲ မှာတော့ သူက ၆ ဂိုးသွင်း၊ ၃ ဂိုးဖန်တီး (စုစုပေါင်း ၉ ဂိုးမှာ ပါဝင်ပတ်သက်) နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၀ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ သူ့ထက် ဂိုးပါဝင်ပတ်သက်မှု များတဲ့သူ မရှိသေးပါဘူး။
ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်မလား
ဗစ်ဇ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆု (POTM) အတွက်လည်း လျာထားခြင်း ခံထားရပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာစီးတီးနဲ့ အန်ဖီးလ်မှာ ကစားရမယ့် ပွဲဟာ ဗစ်ဇ် အတွက် သူဟာ အင်္ဂလန်မြေမှာ တကယ်ကို အသားကျသွားပြီ ဖြစ်ကြောင်း သက်သေပြဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။
ဗစ်ဇ်က “ကျွန်တော် ဂျာမနီမှာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်၊ ဒီမှာလည်း ဘောလုံးကစားနည်းက လုံးဝဥဿုံ ကွာခြားသွားတာ မဟုတ်လို့ ကျွန်တော် တတ်ခဲ့တာတွေ မေ့သွားမှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အမြဲ ပြောနေခဲ့ရတယ်။” လို့ BBC နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။အကျဉ်းချုပ်ရရင်တော့ လစ်ဗာပူးလ် ပရိသတ်တွေ ကတော့ ပေါင်သန်း ၁၀၀ တန် ဖလော်ရီယန် ဗစ်ဇ် ဆီကနေ အမှန်တကယ် မျှော်လင့်ခဲ့တဲ့ ခြေစွမ်းတွေကို အတိုင်းအတာ တစ်ခု အထိ စတင် မြင်တွေ့နေရပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ အနေနဲ့ လာမယ့် ပွဲစဉ်တွေမှာ ဆက်လက် သက်သေပြသွားနိုင်မလား ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


