ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ် ကတော့ သူဟာ အသင်းရဲ့ ဂန္ထဝင် ဖရန့်ခ် လမ်းပတ်ရဲ့ ခြေရာကို နင်းချင်ပြီး အသင်းနဲ့ အတူ အောင်မြင်မှုတွေ ထပ်မံရယူလိုကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ အန်ဇိုက ဒီရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အတွက် အထူးခြေစွမ်းပြနေပေမယ့် လမ်းပတ် ရရှိခဲ့တဲ့ အောင်မြင်မှုမျိုး ရရှိဖို့အတွက်တော့ အများကြီး ကြိုးစားရဦးမယ်လို့ ဆိုပါတယ်။
အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အန်ဇိုဟာ ၂၀၂၃ ခုနှစ်က ဘင်ဖီကာ ကနေ ပေါင် ၁၀၆.၈ သန်းနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို ရောက်ရှိလာခဲ့ပြီးနောက် အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိက အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်နေသူပါ။ သူဟာ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီက ချဲလ်ဆီးတို့ ယူရိုပါကွန့်ဖရင့်လိဂ် ဖလား ရရှိအောင် ဦးဆောင်ပေးခဲ့သလို၊ ပြီးခဲ့တဲ့ နွေရာသီ ကလည်း နည်းပြ အန်ဇို မာရက်စကာ လက်အောက်မှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။
အန်ဇို ဖာနန်ဒက်စ်ဟာ အသင်း အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၅၁ ပွဲ ကစားပေးထားပြီး ၂၇ ဂိုးသွင်း၊ ၂၆ ဂိုး ဖန်တီးထားပါတယ်။ သူ အသင်းကို ရောက်ရှိလာကတည်းက ကြည့်မယ်ဆိုရင် ကိုးလ် ပါးလ်မား (ဂိုးပါဝင် ပတ်သက်မှု ၇၈ ကြိမ်) ပြီးနောက် အန်ဇိုဟာ (၅၃ ကြိမ်) နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ ဒီရာသီ မှာလည်း ၁၂ ဂိုးသွင်း၊ ၇ ဂိုး ဖန်တီးထားပြီး ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ စတုတ္ထမြောက် ဂိုးပါဝင် ပတ်သက်မှု အများဆုံး ကစားသမား ဖြစ်နေပါတယ်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ နောက်ပိုင်း လမ်းပတ် ဒုတိယအကြိမ် ယာယီ နည်းပြ အဖြစ် တာဝန်ယူစဉ်က အန်ဇိုဟာ လမ်းပတ်ရဲ့ လက်အောက်မှာ ၁၁ ပွဲ ကစားခဲ့ဖူးပါတယ်။ အခုအခါ ကွင်းလယ် တိုက်စစ် နေရာမှာ ပိုမိုကစားလာရတဲ့ အန်ဇိုက သူ့ရဲ့ စံပြပုဂ္ဂိုလ် လမ်းပတ် အကြောင်းကို Sky Sports ကို အခုလို ပြောပြခဲ့ပါတယ်။

“သူက ကျွန်တော့် အတွက် စိတ်အားထက်သန်မှု ပေးနိုင်သူပါ။ ချဲလ်ဆီးကို ရောက်ကတည်းက ဖရန့်ခ်ရဲ့ ဗီဒီယိုတွေကို အများကြီး ကြည့်ခဲ့ပါတယ်။ သူ ဘယ်လိုမျိုး ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲ အထိ ထိုးဖောက် ဝင်ရောက်သွားသလဲ ဆိုတာကို လေ့လာခဲ့တာပါ။ သူ ကျွန်တော်တို့ ဆီမှာ နည်းပြလုပ်တုန်းက ကျွန်တော်က ဒီနေရာမှာ မကစားရသေးဘဲ အနောက်ဘက် ပိုရောက်ပြီး ကစားရလို့ ဒီအကြောင်းတွေကို သူနဲ့ အများကြီး မဆွေးနွေးဖြစ်ခဲ့ပါဘူး။
“ဒါပေမယ့် အသင်းကို ရောက်ကတည်းက သူ့ဗီဒီယိုတွေကို ကြည့်ပြီး သင်ယူနေတုန်းပါပဲ။ သူက ထူးချွန်တဲ့ ကစားသမား ဖြစ်သလို ချဲလ်ဆီးရဲ့ ဂန္ထဝင် တစ်ယောက်ပါ။ သူနဲ့ ကျွန်တော့်ကို နှိုင်းယှဉ်တာမျိုးတော့ မကြိုက်ဘူး၊ ဘာလို့လဲ ဆိုတော့ သူက ကျွန်တော့်ထက် အများကြီး ပိုအောင်မြင်ခဲ့လို့ပါ။ သူက ကျွန်တော့်ရဲ့ အိုင်ဒေါလ် တစ်ယောက်ပါ၊ ကျွန်တော် သူရဲ့ ခြေရာကို နင်းနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ အန်ဇို ဖာနန်ဒက်ဇ်က ပြောကြားခဲ့ပါတယ်။
အန်ဇိုရဲ့ ချဲလ်ဆီးနဲ့ ဖြတ်သန်းမှုက အပြောင်းအလဲတွေ များလွန်းခဲ့ပြီး နည်းပြ ၅ ဦး အထိ ပြောင်းလဲခဲ့တာကို ကြုံတွေ့ခဲ့ရပါတယ်။ အခုနောက်ဆုံး နည်းပြ ဖြစ်လာသူ လီယမ် ရိုစီနီယာ လက်အောက် မှာလည်း ချဲလ်ဆီးဟာ အလားအလာ ကောင်းတွေ ပြသနေပါတယ်။ ဝက်စ်ဟမ်းကို ၉၂ မိနစ် အနိုင်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ရိုစီနီယာဟာ ပရီးမီးယားလိဂ် ပထမဆုံး ၃ ပွဲဆက် အနိုင်ရတဲ့ ၄ ယောက်မြောက် အင်္ဂလန် နည်းပြ ဖြစ်လာခဲ့ပါတယ်။
နည်းပြသစ် လီယမ် ရိုစီနီယာနဲ့ ပတ်သက်ပြီး အန်ဇိုက “သူက တော်တဲ့ နည်းပြ တစ်ယောက်ပါ။ ရောက်လာတာ ၁ လပဲ ရှိသေးပေမယ့် သူ့ရဲ့ အရည်အချင်းတွေကို ပြသနေပါပြီ။ ဘောလုံးလောကက အချိန်မပေးပါဘူး၊ ရလဒ်ပဲ အလိုရှိတာပါ။ သူက ရလဒ်တွေ ကောင်းအောင် လုပ်ပေးနေသလို ကျွန်တော် တို့ကိုလည်း ယုံကြည်မှုတွေ အများကြီး ပေးပါတယ်။ အသင်းလိုက်ရော၊ ကျွန်တော် ကိုယ်တိုင်ပါ တိုးတက်လာတာကို ခံစားနေရပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


