ဖီးလ် ဖိုဒန်ဟာ ကစားသမားဘဝ တစ်လျှောက် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ နည်းပြဟောင်း ပပ် ဂွါဒီယိုလာ တစ်ဦးတည်း လက်အောက်မှာပဲ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ဖိုဒန်က နည်းပြသစ် အန်ဇို မာရက်စကာရဲ့ ကိုင်တွယ်ပုံနဲ့ နည်းစနစ်တွေကို သဘောကျ ကျေနပ်လျက် ရှိနေပါတယ်။
မန်စီးတီး အသင်းမှာ ဆုဖလား အလုံး ၂၀ အထိ ရယူပေးခဲ့ပြီး ဆယ်စုနှစ် တစ်ခုကြာ စိုးမိုးခဲ့တဲ့ ဂွါဒီယိုလာ ထွက်ခွာသွားပြီးနောက် အသင်းကို အသစ် ပြန်လည် စတင်ရမယ့် မာရက်စကာ အတွက်တော့ ကြီးမားတဲ့ တာဝန် ဝတ္တရားတွေ ရှိနေတာပါ။ ဖိုဒန်ဟာ ၂၀၁၇ ခုနှစ်မှာ ဂွါဒီယိုလာရဲ့ ခေါ်ယူ ပွဲထုတ်ပေးမှုနဲ့ အတူ စီနီယာ အသင်းမှာ စတင်ပွဲထွက်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ကလပ်အသင်း ကစားသမား သက်တမ်း တစ်လျှောက်လုံးမှာ ဂွါဒီယိုလာနဲ့ပဲ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီး သမိုင်းမှာ ဂွါဒီယိုလာ လက်အောက် ပွဲအများဆုံး ကစားခဲ့သူတွေထဲမှာ ဘာနာဒို ဆေးလ်ဗား (၄၆၀ ပွဲ)၊ ကီဗင် ဒီဘရိုင်းနား (၃၈၁ ပွဲ) နဲ့ အီဒါဆန် (၃၇၂ ပွဲ) တို့ပြီးရင် ဖိုဒန် (၃၆၉ ပွဲ) က စတုတ္ထမြောက် ပွဲအများဆုံး ကစားထားသူ ဖြစ်နေပါတယ်။ ဒီပမာဏဟာ လီယွန်နယ် မက်ဆီ ဘာစီလိုနာမှာ ဂွါဒီယိုလာနဲ့ အတူ ကစားခဲ့တဲ့ ပွဲပေါင်း ၂၀၄ ပွဲထက် အများကြီး ပိုမိုများပြားခဲ့တာ ဖြစ်ပါတယ်။
ဖိုဒန်ဟာ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၁၃ ဂိုးသွင်း၊ ၈ ကြိမ် ဖန်တီးကာ ဂိုးပါဝင်ပတ်သက်မှု ၂၁ ကြိမ် အထိ ရရှိခဲ့ပါတယ်။ ဒါဟာ ၂၀၂၄-၂၅ ရာသီ (၁၅ ကြိမ်) ထက် ခြေစွမ်း တိုးတက်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ ၄ ရာသီက ရရှိခဲ့တဲ့ စံချိန်တွေကိုတော့ မမှီသေးပါဘူး။ ဖိုဒန်ဟာ ပြီးခဲ့တဲ့လကမှ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးနဲ့ ၄ နှစ် စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ဖိုဒန်ဟာ လာမယ့် ၂၀၂၆-၂၇ ရာသီမှာ ပိုမိုကောင်းမွန်တဲ့ ပုံစံကောင်းကို ပြသနိုင်ဖို့ ပြင်ဆင်နေပြီး မာရက်စကာရဲ့ အယူအဆသစ်တွေက အသင်း အတွက် ကောင်းမွန်တဲ့ အကူးအပြောင်း ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။
“အမှန်အတိုင်း ပြောရရင် ကျွန်တော် တကယ်ကို သဘောကျပါတယ်။ ကျွန်တော့် အတွက်တော့ ပပ် ဂွါဒီယိုလာ တစ်ယောက်တည်း ကိုပဲ သိခဲ့တာ ဆိုတော့ ဒါဟာ အစသစ်တစ်ခုပါပဲ။ နည်းပြ အဖွဲ့သစ်၊ ကျွန်တော်တို့ ကစားနေတဲ့ ပုံစံနဲ့ လေ့ကျင့်ရေးမှာ လုပ်ဆောင်နေတာတွေကို သဘောကျနေပါတယ်။ ရာသီသစ် အတွက် စိတ်လှုပ်ရှားနေသလို ရာသီကောင်း တစ်ခု ဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ဘယ်လိုကစားမလဲ ဆိုတာ ပရိသတ်တွေကို အသေးစိတ် မပြောပြချင်သေးပေမယ့် ခံစစ် ပြင်ဆင်ပုံနဲ့ အခင်းအကျင်း ကတော့ အရင်ကနဲ့ နည်းနည်း ကွဲပြားသွားပါလိမ့်မယ်။

“နောက်တန်း ကနေ ဘောလုံး စတည်ပုံနဲ့ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ လုပ်ဆောင်ရမယ့် အယူအဆဆန်းတွေ ပါလာပါတယ်။ ဒါပေမယ့် အသင်းသားတွေ အကုန်လုံးက အလိုက်သင့် ဖြစ်နေကြပါပြီ။ အားလုံး ကလည်း နောက်တန်း ကနေ ဘောလုံးစတည်ပြီး အခွင့်အရေး ဖန်တီးချင်ကြတာ ဆိုတော့ ဒါဟာ လူတိုင်းနဲ့ အဆင်ပြေဆုံး ပုံစံပါပဲ။” လို့ ဖိုဒန်က ဆိုပါတယ်။
အသင်းမှာ သူ့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မာရက်စကာနဲ့ သီးသန့် ဆွေးနွေးထားတာမျိုး ရှိ၊ မရှိ မေးမြန်းခဲ့ရာ မှာတော့ ဖိုဒန်က “အဲဒီအကြောင်းတွေတော့ မဆွေးနွေးရသေးပါဘူး။ ဒါပေမယ့် သူ့ဘက်က ကျွန်တော့် ဆီကနေ လိုချင်တာကတော့ လက်ရှိ ရာသီကြို ခရီးစဉ်မှာပါလာတဲ့ လူငယ်လေးတွေ အတွက် စံနမူနာကောင်းပြဖို့၊ လေ့ကျင့်ရေးမှာ အကောင်းဆုံး ကြိုးစားဖို့နဲ့ အလုပ်ကိုပဲ အာရုံစိုက်ပြီး ခေါင်းစိုက်လုပ်ဖို့ပဲ ဖြစ်ပါလိမ့်မယ်” လို့ ဖြေကြားခဲ့ပါတယ်။
ဖိုဒန်ဟာ ပြီးခဲ့တဲ့ စနေနေ့က အင်တာမီလန်နဲ့ ၁-၁ သရေကျကာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ မိနစ် ၇၀ ကြာ ပါဝင်ကစားခဲ့ပါတယ်။ မန်စီးတီး ကတော့ အာရှ ခရီးစဉ် နောက်ထပ် ပွဲစဉ် အဖြစ် ဗုဒ္ဓဟူးနေ့မှာ K-League All-Star XI အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
တစ်ဖက် မှာလည်း အင်္ဂလန် လက်ရွေးစင် အသင်းမှာ ဖိုဒန်နဲ့ အတူ တွဲဖက်ကစားခဲ့ဖူးပြီး ပေါင် ၁၁၆ သန်းနဲ့ နော့တင်ဟမ်ဖောရက်စ် ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ဟာ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ရခြင်း မရှိသေးပါဘူး။ အင်္ဂလန်အသင်းကို နည်းပြ သောမတ်စ် တူချယ် ကိုင်တွယ်ခဲ့စဉ်က ဖိုဒန် ချန်လှပ်ခံခဲ့ရပေမယ့် အန်ဒါဆန် ကတော့ အင်္ဂလန်ကို ကမ္ဘာ့ဖလားမှာ တတိယနေရာ ရရှိအောင် ကူညီပေးနိုင်ခဲ့သူပါ။
အန်ဒါဆန်နဲ့ ကလပ် အသင်းမှာ တွဲဖက်ကစားရတော့မယ့် အပေါ် ဖိုဒန်က “သူ့ကို အသင်းမှာ ပိုင်ဆိုင်ခွင့်ရလို့ တကယ်ကို စိတ်လှုပ်ရှားရပါတယ်။ အရင်က သူ့ပွဲတွေကို ကြည့်ဖူးသလို သူ့နဲ့ ရင်ဆိုင် ကစားဖူးစဉ်ကတည်းက သူဟာ နံပါတ် ၁၀ နေရာက ကစားသမားတွေကို ရှာဖွေပြီး ဖန်တီးမှု ဘောလုံးတွေကို ခံစစ်ကြောင်းကြားထဲ ထိုးဖောက် ပေးပို့တတ်တဲ့သူ ဖြစ်တာကို သတိထားမိပါတယ်။ ဒီကစားဟန်က ကျွန်တော့်အတွက် အလွန်ပဲ အဆင်ပြေတာကြောင့် သူ့နဲ့ အတူ တွဲကစားဖို့ ရင်ခုန်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


