ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် ကတော့ မနေ့ညက ကစားခဲ့တဲ့ ဂျာမန် ပိုကယ်ဖလား ပထမအဆင့် ပွဲစဉ်မှာ အောက်တန်း ကလပ် ဆွန်နီဟော့ဖ် ဂရော့စ်ပက်ချ်ကို ၄-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါ့ပေမယ့်လည်း နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ် ကတော့ သူ့ရဲ့ အသင်းက အခုထက် ပိုပြီး တိုးတက်လာနိုင်သေးကြောင်း ပြောကြားလိုက်ပါတယ်။
ဒီပွဲမှာ လေဗာကူဆင်က ခြေစွမ်းအဆင့်အတန်း ကွာခြားလွန်းတဲ့ ဂရော့စ်ပက်ချ်ကို အဘက်ဘက်က အသာစီးနဲ့ ကစားခဲ့ပြီး ပက်ထရစ်ရှစ်ခ်၊ အာသာ၊ ကိုဖိန်း၊ ဂရီမဲလ်ဒို တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ ပွဲချိန် မိနစ် ၇၀ ကျော်တဲ့ အထိ ၁-၀ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပေမယ့် ဂရော့စ်ပက်ချ် ဘက်က ကစားသမား ၂ ဦး ထုတ်ပယ်ခံလိုက်ရချိန်မှာတော့ ဂိုးပြတ် နိုင်ပွဲ အဖြစ် ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ အဲရစ်ခ် တန်ဟက်ဂ်က “ဂရော့စ်ပက်ချ်က ကောင်းကောင်း ကစားခဲ့ပြီး ကျွန်တော် တို့ကို ပြဿနာ ဖြစ်စေခဲ့ပါတယ်။ နောက်ဆုံး မှာတော့ ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော် တို့မှာ ကောင်းမွန်တဲ့ အခြေအနေတွေ ရှိနေပေမယ့် တိုးတက်ဖို့ အတွက် လုပ်စရာတွေ ကျန်နေပါသေးတယ်။ အဲဒါကို ဆက်ပြီး လုပ်ဆောင်သွားမှာပါ။” လို့ တန်ဟက်ဂ်က ပြောကြားခဲ့ပါတယ်။
အဲရစ်ခ် တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ မေလက လေဗာကူဆင်နဲ့ လမ်းခွဲပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့ ဇာဘီ အလွန်ဆိုရဲ့ နည်းပြ ရာထူးကို လွှဲပြောင်းရယူထားသူ ဖြစ်ပါတယ်။ အလွန်ဆို ထွက်ခွာသွားခြင်းနဲ့ အတူ လေဗာကူဆင် ကလည်း ဟွာဒက်ကီ၊ ဂရန်းနစ် ချာကာ၊ အွန်ရီကာ၊ ကော့ဆူနူ၊ ဖလော်ရီယန် ဝစ်ဇ်၊ ဖရင်မ်ပေါင်၊ ဂျွန်နသန် တာ့ရ် တို့လို အဓိက ကစားသမား တော်တော်များများ ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ တန်ဟက်ဂ် လက်ထက် မှာတော့ ဘွန်ဒက်စ်လီဂါ ကလပ်က ဖလက်ကန်၊ ကွမ်ဆာ့ရ်၊ ကိုဖိန်း၊ သီးလ်မန်း၊ ဘလက်စ်ဝစ်ချ်၊ ပိုကူ တို့နဲ့ ပြန်လည် အားဖြည့်ထားပါတယ်။

ဂရော့စ်ပက်ချ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာဆိုရင်လည်း အသစ် ခေါ်ယူခဲ့တဲ့ ကစားသမားတွေ ပါဝင်ခဲ့ကြပြီး ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ဒီလို အပြောင်းအလဲတွေနဲ့ ပတ်သတ်လို့ လေဗာကူဆင်ရဲ့ အားကစားဒါရိုက်တာ ဆိုင်မွန် ရူးဖက်စ်က “ဟုတ်ပါတယ်။ အဲဒါက အချိန်လိုတယ်။ လုပ်ဆောင်ချက်တိုင်းက ပြီးသွားတာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ဒါပေမယ့် ကျွန်တော် တို့မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ လူငယ်ကစားသမားတွေ ရှိနေတာကို ဒီနေ့ တွေ့ခဲ့ရပါတယ်။ အီဘရာဟင် မာဇာက ကောင်းကောင်း လုပ်ပြခဲ့ပြီး သူ့ရဲ့ အရည်အသွေးတွေကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန် နည်းနည်းယူရလိမ့်ဦးမယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အသင်းကောင်း တစ်သင်း ပိုင်ဆိုင်ထားပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
လေဗာကူဆင်ဟာ နည်းပြ ဇာဘီ အလွန်ဆိုနဲ့ အတူ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီက ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရှုံးပွဲ မရှိစံချိန်နဲ့ ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီ ကတော့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ လေဗာကူဆင်က မန်ချက်စတာယူနိုက်တက်မှာ ကျရှုံးခဲ့ရတဲ့ အဲရစ်ခ် တန်ဟက်ဂ်ကို ယုံကြည်စွာနဲ့ နည်းပြ တာဝန်ပေးထားခဲ့ပြီး လာမယ့် ရာသီ တစ်ခုခု လုပ်ပြနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အေဂျက်စ်နဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း တန်ဟက်ဂ်ဟာ ၂၀၁၃ ခုနှစ် ကနေ ၂ဝ၁၅ ခုနှစ် အထိ ဘေယန်မြူးနစ် (လူငယ်အသင်း)ကို နည်းပြ အဖြစ် ကိုင်တွယ်ခဲ့ဖူးပါတယ်။ တန်ဟက်ဂ်ဟာ ဂွါဒီယိုလာရဲ့ တပည့်လို့တောင် ပြောလို့ ရပြီး ဂျာမန် ဘွန်ဒက်စ်လီဂါနဲ့ သိပ်မစိမ်းသူ ဖြစ်ပါတယ်။
လေဗာကူဆင်ဟာ လာမယ့် တစ်ပတ် စနေနေ့မှာ ဟော့ဖန်ဟိမ်းနဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း အဖွင့် ပွဲစဉ် အဖြစ် စတင်ကစားရမှာ ဖြစ်ပါတယ်။ တန်ဟက်ဂ်ရဲ့ အသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေ မှာတော့ ချဲလ်ဆီးနဲ့ ပွဲက လွဲလို့ ရလဒ်တွေ တောက်လျောက် ကောင်းမွန်ခဲ့ပြီး ရာသီသစ် စတင်ချိန်မှာရော ပုံစံကောင်းတွေ ဆက်လက် ပြသနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.