မန်ချက်စတာစီးတီးရဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ အသင်းဟောင်း ဒေ့ါမန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ နောက်ထပ် သမိုင်းဝင် စံချိန်ကောင်း တစ်ခု ထပ်မံ ပိုင်ဆိုင်ခဲ့ပြန်ပါတယ်။ ဟာလန်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်းတလျှောက် မတူညီတဲ့ ကလပ် ၃ သင်း အတွက် ၅ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒေ့ါမန်ကို ၄-၁ နဲ့ အနိုင်ရခဲ့ပြီး အဖွင့်ဂိုးကို ပွဲချိန် ၂၂ မိနစ်မှာ တီဂျန်နီ ရိုင်ဒါးစ်ရဲ့ဖန်တီးပေးမှု ကနေ ဖိုဒန်က သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၂၉ မိနစ်မှာ ဂျရယ်မီ ဒိုကူရဲ့ ဖန်တီးပေးမှု ကနေ ဟာလန်းက ပိတ်သွင်းခဲ့ပြီး တတိယဂိုး ကိုတော့ ၅၇ မိနစ်မှာ ရိုင်းဒါးစ်ရဲ့ ဒုတိယအကြိမ်မြောက် ဖန်တီးပေးမှု ကနေ ဖိုဒန် ကပဲ သူ့ရဲ့ ဒုတိယမြောက် သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။ ဖိုဒန်ဟာ သူ့ရဲ့ ကစားသမား ဘဝ တလျှောက် ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲမှာ ပထမဦးဆုံး အကြိမ် ၂ ဂိုး သွင်းနိုင်တာ ဖြစ်ပါတယ်။ ရိုင်ဒါးစ် ကလည်း ချန်ပီယံလိဂ် တစ်ပွဲတည်းမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့တာ ကလည်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
မန်စီးတီး အတွက် စတုတ္ထမြောက် ဂိုး ကိုတော့ ရေယန် ချာကီက ၉၀+၁ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ဒေါ့မန် အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ၇၂ မိနစ်မှာ အန်တွန်က သွင်းယူခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးက ချန်ပီယံလိဂ်မှာ ၄ ပွဲ ကစားပြီးချိန် ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရှုံးပွဲ မရှိသေးပဲ အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

အာလင်း ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် Play off အဆင့် ပထမအကျော့မှာ ၂ ဂိုး သွင်းခဲ့ပြီး ဒုတိယအကျော့ မှာတော့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ ဟာလန်းက ဒီရာသီ ချန်ပီယံလိဂ် ၄ ပွဲစလုံးမှာ ဟာလန်းက ဂိုးသွင်းခဲ့တာကြောင့် ဆဲလ်ဘာ့ဂ် (၂၀၁၉-၂၀၂၀) ၊ ဒေါ့မန် (၂၀၂၀-၂၀၂၁)နဲ့ အခု မန်စီးတီး အတွက်တော့ ချန်ပီယံလိဂ် ၅ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ ၂၀၁၈ ခုနှစ်တုန်းက လိုင်ယွန်ကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ချန်ပီယံလိဂ် အုပ်စု အဆင့် သို့မဟုတ် လိဂ်အဆင့် အိမ်ကွင်း ပွဲစဉ်တွေမှာ ရှုးပွဲ မရှိတာက ၂၂ ပွဲ အထိ ရှိလာခဲ့ပါပြီ။ ဒါ့အပြင် နည်းပြ ပပ် ဂွါဒီယိုလာ ကလည်း ဒေ့ါမန်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲစလုံး ရှုံးပွဲ မရှိခဲ့တဲ့ စံချိန်ကောင်း ကိုလည်း ဆက်လက် ပိုင်ဆိုင်ထားပါတယ်။
မန်စီးတီးဟာ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ မှာတော့ အဓိက ပြိုင်ဘက် လစ်ဗာပူးလ်နဲ့ တွေ့ဆုံနေပါတယ်။ အဲဒီနောက် မှာတော့ ဂွါဒီယိုလာရဲ့ အသင်းက နယူးကာဆယ် (ပရီးမီးယားလိဂ်)၊ လေဗာကူဆင် (ချန်ပီယံလိဂ်) ပွဲစဉ်တွေ ကစားရမှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် မှာတော့ မန်ချက်စတာစီးတီးက ၁၀ ပွဲ ကစားပြီးချိန်မှာ ၆ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးပြီး ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးက ဇယားထိပ်က အာဆင်နယ်နဲ့ ၆ မှတ် ပြတ်တောက်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


