၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ ဥရောပ ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ်တွေ ကတော့ မနေ့ကပဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေဟာ ပွဲပေါင်း ၁၄၄ ပွဲ၊ ဂိုးပေါင်း ၄၈၇ ဂိုးနဲ့ အတူ ပြီးဆုံးခဲ့ပါတယ်။ အသင်းပေါင်း ၃၆ သင်း ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ၈ သင်းက ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ခဲ့ကြပြီး အဆင့် ၉ ကနေ အဆင့် ၂၄ အထိ အသင်းပေါင်း ၁၆ သင်း ကတော့ ပလေးအော့ဖ် အဆင့်ကို ဆက်လက် ဖြတ်သန်းကြရဦးမှာပါ။
ပွဲစဉ် (၈) ရဲ့ နောက်ဆုံး မိနစ်မှာ ဘင်ဖီကာ ဂိုးသမား အာနာတိုလီ ထရူဘင်ရဲ့ အံ့အားသင့်ဖွယ် ခေါင်းတိုက်ဂိုးကြောင့် ဟိုဆေး မော်ရင်ညိုရဲ့ ဘင်ဖီကာက အဆင့် ၂၄ အတွင်း ဝင်နိုင်ခဲ့ပြီး နာပိုလီနဲ့ မာဆေးလ် ကတော့ ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ရဲ့ ဘုရင်ကြီးလို့ တင်စားခံရတဲ့ ရီးရဲလ်မက်ဒရစ် ကလည်း ပလေးအောဖ့် အဆင့်ကို ဆင်းကစားခဲ့ရပါတယ်။
ဒါကြောင့် အခုတစ်ခါမှာတော့ ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ်တွေ အပြီးမှာ Opta စူပါကွန်ပျူတာက တွက်ချက်ထားတဲ့ ချန်ပီယံ ဖြစ်နိုင်ခြေ ခန့်မှန်းချက်တွေကို ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။
ဘယ်သူတွေ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးလဲ?
အာဆင်နယ် (၂၉.၈ ရာခိုင်နှုန်း)
ပြိုင်ပွဲ အစက ဒုတိယနေရာမှာ ရှိနေခဲ့တဲ့ အာဆင်နယ်ဟာ အုပ်စုအဆင့် ၈ ပွဲလုံးကို အနိုင်ရရှိခဲ့တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ် မှာလည်း ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဒါကြောင့် စူပါကွန်ပျူတာက အာဆင်နယ်ကို ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး (၂၉.၈ ရာခိုင်နှုန်း) အဖြစ် သတ်မှတ်လိုက်ပြီး သူတို့ဟာ ဗိုလ်လုပွဲကို တက်ရောက်ဖို့ (၄၇.၁ ရာခိုင်နှုန်း) အထိ အခွင့်အရေး ရှိနေပါတယ်။
ဘေယန်မြူးနစ် (၁၄.၉ ရာခိုင်နှုန်း)
ဗင်းန်ဆင့် ကွန်ပနီရဲ့ ဘေယန်မြူးနစ်က ရာသီအစမှာ ရေပန်းစားမှု အဆင့် ၈ မှာသာ ရှိခဲ့ပေမယ့် လိဂ်အဆင့်မှာ အဆင့် ၂ နေရာကို ရယူနိုင်ခဲ့တာကြောင့် လက်ရှိ မှာတော့ အာဆင်နယ် ပြီးရင် ဒုတိယမြောက် ချန်ပီယံ ဖြစ်ဖို့ အလားအလာ အကောင်းဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။
မန်ချက်စတာစီးတီး (၁၀.၅ ရာခိုင်နှုန်း)
ပပ် ဂွါဒီယိုလာရဲ့ အသင်း ကတော့ အဆင့် ၃ နေရာမှာ ရှိနေပါတယ်။ သူတို့ဟာ ၁၆ သင်း အဆင့်မှာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် အင်တာမီလန်တို့နဲ့ တွေ့ဆုံနိုင်တဲ့ အခြေအနေမှာ ရှိနေတာကြောင့် ရာခိုင်နှုန်း သိသိသာသာ မြင့်မားလာခြင်း မရှိတာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် (၈.၉ ရာခိုင်နှုန်း)
ရာသီအစက ရေပန်းအစားဆုံး ဖြစ်ခဲ့တဲ့ လစ်ဗာပူးလ်ဟာ ကွာရာဘတ်ကို ၆ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ပြည်တွင်းလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ရေပန်းစားမှု အဆင့် ၄ နေရာဆီ ရောက်ရှိသွားခဲ့ပါတယ်။
တခြားအသင်းကြီးတွေရဲ့ အခြေအနေ
ချဲလ်ဆီး (၇.၅ ရာခိုင်နှုန်း)
နာပိုလီကို အဝေးကွင်းမှာ အနိုင်ရပြီး အဆင့် ၈ အတွင်း ဝင်ခဲ့တဲ့ ချဲလ်ဆီးဟာ နည်းပြသစ် လီယမ် ရိုစီနီယား လက်ထက်မှာ တတိယမြောက် ချန်ပီယံလိဂ် ဖလားကို ရယူဖို့ မျှော်လင့်ချက် ရှိနေပါတယ်။
ဘာစီလိုနာ (၇.၀ ရာခိုင်နှုန်း)
ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းဟာ အဆင့် ၈ အတွင်း ဝင်ခဲ့ပေမယ့် ချန်ပီယံ ဖြစ်နိုင်ခြေ ကတော့ ရာသီအစထက် အနည်းငယ် လျော့ကျသွားပါတယ်။
ပီအက်စ်ဂျီ (၅.၁ ရာခိုင်နှုန်း) ၂၀၂၄-၂၅ ရာသီရဲ့ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီဟာ ပလေးအော့ဖ် ကစားရဦးမှာ ဖြစ်တာကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်မယ့် ရာခိုင်နှုန်းဟာ ၁၂.၁ ရာခိုင်နှုန်း ကနေ ၅.၁ ရာခိုင်နှုန်း အထိ ထိုးဆင်းသွားပါတယ်။
နယူးကာဆယ် (၃.၂ ရာခိုင်နှုန်း)
စိတ်ဝင်စားစရာ ကောင်းတာက စူပါကွန်ပျူတာဟာ နယူးကာဆယ်ကို အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ထက်တောင် ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ပိုသာတယ်လို့ သတ်မှတ်ထားတာပါ။
ရီးရဲလ်မက်ဒရစ် (၁.၉ ရာခိုင်နှုန်း)

ချန်ပီယံလိဂ် ၁၅ ကြိမ်ရထားတဲ့ အအောင်မြင်ဆုံး အသင်းဟာ ခြေစွမ်း ကျဆင်းနေပြီး အုပ်စု အဆင့်မှာ အဆင့် (၉) နေရာသာ ရရှိခဲ့တာကြောင့် ပလေးအော့ဖ် ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စူပါကွန်ပျူတာရဲ့ တွက်ချက်မှု မှာတော့ ချန်ပီယံဖြစ်ဖို့ အခွင့်အရေး အနည်းဆုံး အသင်းတွေထဲ ပါဝင်နေပါတယ်။
တော့တင်ဟမ်ဟော့စပါး (၂.၃ ရာခိုင်နှုန်း)
ပြည်တွင်းလိဂ်မှာ ရုန်းကန်နေရပေမယ့် ဥရောပ ပြိုင်ပွဲ မှာတော့ အဆင့် ၄ နေရာနဲ့ ရှုံးထွက်အဆင့်ကို သက်တောင့်သက်သာ တက်လှမ်းနိုင်ခဲ့တာကြောင့် သူတို့ရဲ့ မျှော်လင့်ချက်က ရာသီအစကထက် နှစ်ဆ မြင့်တက်လာခဲ့ပါတယ်။
ဒါကတော့ ရှုံးထွက်အဆင့် မဲခွဲပွဲတွေ မတိုင်ခင်မှာ စူပါကွန်ပျူတာက တွက်ချက်ပေးခဲ့တာ ဖြစ်ပြီး မဲခွဲပွဲ အပြီးမှာတော့ ဒီကိန်းဂဏန်းတွေက အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါသေးတယ်။ ဒီတော့ အာဆင်နယ် အနေနဲ့ တွက်ချက်မှုတွေ အတိုင်း အမှန်တကယ်ပဲ သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ဖလားကို ရယူနိုင်မလား ဒါမှမဟုတ် အစဉ်အလာ ရှိတဲ့ အသင်းကြီးတွေကပဲ ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


