မန်ချက်စတာယူနိုက်တက် ကတော့ ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပထမအကျော့မှာ ရီးရဲလ်ဆိုစီဒက်ကို အဝေးကွင်းမှာ တစ်ဖက် တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က ဒီလို သရေကျခဲ့တာကြောင့် အိမ်ကွင်းမှာ အနိုင်ကစားရတော့မှာ ဖြစ်လို့ ဖိအား ပိုများသွားခဲ့ပြီ ဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။
ဒါ့အပြင် အမော်ရင်က အခုလို သရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဟာ ကစားသမားတွေ အနေနဲ့ ပွဲချိန်ပြည့် ကြံ့ခိုင်မှု ပြည့်ဝစွာ မကစားနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။ အမော်ရင်က “ပယ်နယ်တီ မပေးရခင် အချိန်ထိ ကျွန်တော်တို့ ပွဲကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ပယ်နယ်တီ ပေးလိုက်ရတဲ့ နောက်မှာတော့ အခြေအနေက အနည်းငယ် ပြောင်းလဲသွားပါတယ်။ နောက်ဆုံး မိနစ် ၃၀ မှာ ကျွန်တော်တို့ အသင်းက တကယ့်ကို မောပန်း နွမ်းနယ်နေပါတယ်။ ဒါကို ခင်ဗျားလည်း ခံစားမိပါလိမ့်မယ်။ လာမယ့်ပွဲ ကတော့ ခြားနားတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့ အပေါ်မှာ ဖိအားတွေလည်း ရှိလာမှာပါ။ ဒါပေမယ့် ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ” လို့ အမော်ရင်က ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲစဉ်မှာ ဇီယက်ခ်ဇီးရဲ့ သွင်းဂိုးနဲ့ ဆိုစီဒက်ကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အိုယာဇာဘယ်ရဲ့ ပင်နယ်တီဂိုးကြောင့် သရေနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ပွဲမှာ ခြေစွမ်းပိုင်း အဆိုးကြီး မဟုတ်ခဲ့ပဲ အိမ်ရှင် ဆိုစီဒက်ထက် ဂိုးရနိုင်တဲ့ အခွင့်အလမ်းတွေ ပိုမို ဖန်တီးနိုင်ခဲ့ပေမယ့်လည်း သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့တဲ့ အတွက် စိတ်ပျက်မိကြောင်းလည်း အမော်ရင်က ပြောကြားခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ ဒီနေ့ပွဲမှာ ဆိုစီဒက်နဲ့ ဂိုးပေါက် ကန်ချက် ၁၃ ကြိမ်စီ တူညီခဲ့ပေမယ့်လည်း ဂိုးပေါက် တည့်မှုမှာတော့ ၅ ကြိမ် အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဆိုရင် ယူနိုက်တက်က ပိုပြီး ဖိဖိစီးစီး ကစားနိုင်ခဲ့သလို ဆိုစီဒက် ကတော့ ဂိုးပေါက် တည့်မှု ၁ ကြိမ်မှတောင် မရှိခဲ့ပါဘူး။ ဆိုစီဒက်က ချေပဂိုး ရရှိသွားချိန်မှသာ ပွဲကို ပိုပြီး ထိန်းချုပ်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ထုံးစံ အတိုင်း အထောင် တိုက်စစ်မှူး ဟွိုက်ဂျ်လန်း ကတော့ ဘာလုပ်ချင်နေမှန်းမသိတဲ့ ခြေစွမ်းနဲ့ပဲ မြင်တွေ့ရဆဲ ဖြစ်ပေမယ့် ဇီယက်ခ်ဇီး ကတော့ တိုက်စစ် အချိတ်အဆက်တွေ အတွက် အရေးပါခဲ့သလို ကိုယ်တိုင်လည်း တစ်ဂိုး သွင်းခဲ့ပါတယ်။ ဂါနာချို ကလည်း ဇီယက်ခ်ဇီးရဲ့ ဂိုးအတွက် ဖန်တီးပေးခဲ့ပေမယ့် ခြေစွမ်းပိုင်း ကတော့ အားရစရာ မရှိသေးပါဘူး။
ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ထိပ်သီး ပြိုင်ဘက် အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ၁၄ ရက်နေ့ မှာတော့ ယူရိုပါလိဂ် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် လက်စတာစီးတီးနဲ့ တစ်ပွဲသာ ပွဲချောင်နေပြီးတော့ ဆက်တိုက်ကို ပွဲကြပ်တွေ ကစားရဖို့လည်း ရှိနေပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီးတော့ နည်းပြ ရူဘင် အမော်ရင် အနေနဲ့လည်း ဖိအားတွေ များနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ တတိယမြောက် ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.