ယခင်က ဘောလုံး အားကစားနည်းဟာ တော်တော်လေးကို ရိုးရှင်းခဲ့တာပါ။ တောင်ပံကစားသမားတွေရဲ့ အလုပ်က လူကပ်ကစားသူကို တစ်ဦးချင်း ကျော်ဖြတ်၊ စည်းဘေးကနေ ဖြတ်တင်ဘောတွေ ပေးပို့ပြီး အရပ်ရှည်တဲ့ တိုက်စစ်မှူးတွေက ခေါင်းတိုက် ဂိုးသွင်းတဲ့ ပုံစံမျိုးနဲ့ ကစားခဲ့ကြတာပေါ့။
ဘရာဇီးလ် ဘောလုံး အနုပညာရှင်တွေရဲ့ နူးညံ့ ပျော့ပျောင်းတဲ့ အလှအပတွေ ကနေ အင်္ဂလိပ် တောင်ပံ ကစားသမားတွေရဲ့ တည့်တိုးတတ်တဲ့ ပုံစံတွေ အထိ အမျိုးမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ ဘောလုံးလောကဟာ အခြေအနေ အရပ်ရပ်မှာ အပြောင်းအလဲတွေ များစွာ ရှိလာခဲ့သလို ဘယ်တောင်ပံ ကစားသမားတွေရဲ့ ကစားပုံစံနဲ့ လုပ်ငန်းဆောင်တာတွေ ကလည်း ပြောင်းလဲသွားခဲ့ပါတယ်။
ခေတ်သစ် ဘောလုံးလောက မှာတော့ ဒီကွဲပြားမှုတွေက ပိုပြီး ကျယ်ပြန့်လာပါတယ်။ ဒီနေ့ခေတ် တောင်ပံကစားသမား တစ်ဦးရဲ့ အခန်းကဏ္ဍဟာ သူတို့ ကစားရတဲ့ ကစားကွက် စနစ် အပေါ်မှာပဲ မူတည်နေပါတော့တယ်။ အတွင်းဘက်ကို ချိုးဝင်ကစားသူ (Inside Forward) ၊ ဖန်တီးရှင် (Inverted Creator) ဒါမှမဟုတ် တောင်ပံစည်းဘေးကို အသုံးချသူ စသဖြင့် အခြေအနေအရ ကွဲပြားသွားတာပါ။
လက်ရှိမှာ ဘယ်တောင်ပံ ကစားသမား တစ်ယောက် ဖြစ်ရတာဟာ မရိုးရှင်းတော့ပေမယ့် သူတို့ရဲ့ ရည်မှန်းချက် ကတော့ အတူတူပါပဲ။ အဲ့ဒါကတော့ ပရိသတ်ကို စိတ်လှုပ်ရှားစေဖို့၊ ဂိုးအခွင့်အရေး ဖန်တီးဖို့နဲ့ ပွဲရလဒ်ကို အပြောင်းအလဲ လုပ်ဖို့ပါပဲ။ အခုဖော်ပြပေးမှာ ကတော့ Sports Illustrated က ရွေးချယ်ထားတဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်တောင်ပံ ကစားသမား ၅ ဦး အကြောင်းပဲ ဖြစ်ပါတယ်။
၅။ လူးဝစ် ဒီးယက်ဇ် (ဘေယန်မြူးနစ်)
လူးဝစ် ဒီးယက်ဇ်ဟာ ၂၀၂၂ ဇန်နဝါရီမှာ လစ်ဗာပူးလ်ကို ရောက်ရှိလာကတည်းက ယာဂန် ကလော့ပ်ရဲ့ “ Gegenpressing” (ပြင်းထန်တဲ့ ဖိအားပေး ကစားကွက်) အတွက် အသင့်တော်ဆုံးသူ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပြင်းထန်တဲ့ အရှိန်အဟုန်၊ တည့်တည့် တိုးတတ်တဲ့ ပုံစံနဲ့ မနားတမ်း ပြေးလွှားနိုင်မှုတွေဟာ အသင်းအတွက် အားတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းက မမှန်ခဲ့သလို ဂိုးသွင်း မှတ်တမ်း ကလည်း အားရစရာ သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် နည်းပြသစ် အာနေး ဆလော့တ် လက်ထက် ၂၀၂၄-၂၅ ဘောလုံးရာသီ မှာတော့ ဒီးယက်ဇ်ဟာ အရင်ကထက် ပိုကောင်းလာခဲ့ပါတယ်။ တိုက်စစ် နေရာစုံမှာ ကစားရင်း ၁၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ရာသီမှာ သူဟာ အဓိက အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ ဘေယန်မြူးနစ်က ပေါင် ၆၅ သန်းနဲ့ ခေါ်ယူသွားခဲ့ပြီး လက်ရှိ ဂျာမန်မြေ မှာလည်း ၂၈ ပွဲ ကစားပြီးချိန်မှာ ၁၄ ဂိုးသွင်း၊ ၁၁ ဂိုး ဖန်တီးကာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသထားနိုင်ဆဲ ဖြစ်ပါတယ်။
၄။ ဘရတ်ဒ်လေ ဘာကိုလာ (ပီအက်စ်ဂျီ)
ဘာကိုလာဟာ လိုင်ယွန်မှာ ကစားကတည်းက ပြိုင်ဘက် နောက်ခံလူတွေကို ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းကြောင့် နာမည်ကြီးခဲ့သူပါ။ ဒါကြောင့်လည်း ပီအက်စ်ဂျီက သူ့ကို လက်ဦးမှု ရယူပြီး ခေါ်ယူခဲ့ပါတယ်။ အစောပိုင်း ပါရီမှာ အသားကျဖို့ ရုန်းကန်ခဲ့ရပေမယ့် အမ်ဘာပေး ထွက်ခွာသွားပြီးနောက် မှာတော့ ဘာကိုလာဟာ သူ့ရဲ့ အနှစ်သက်ဆုံး ဘယ်တောင်ပံနေရာမှာ အစွမ်းပြခွင့် ရလာခဲ့ပါတယ်။ အရပ် ၆ ပေ ရှိပေမယ့် သူ့ရဲ့ လှုပ်ရှားမှုတွေဟာ ပေါ့ပါး သွက်လက်ပြီး ဘောလုံးနဲ့ အတူ ခပ်မှန်မှန် ပြေးလွှားသွားတဲ့ ပုံစံဟာ ပရိသတ်ကို စွဲမက်စေပါတယ်။ အရှိန်အဟုန်နဲ့ စတိုင်လ်ကို ပေါင်းစပ်ထားတဲ့ ဘာကိုလာဟာ ပြင်သစ်ရဲ့ နောက်ထပ် တိုက်စစ် ကြယ်ပွင့်သစ် ဖြစ်လာနေပါပြီ။
၃။ ဗင်နီးစီးယက်စ် ဂျူနီယာ (ရီးရဲလ်မက်ဒရစ်)
၂၀၂၀ တုန်းက ကာရင်မ် ဘန်ဇီမာက ဗင်နီးစီးယက်စ်ကို “သူနဲ့ မကစားနဲ့၊ သူက ငါတို့ အသင်းကို ပြန်တိုက်နေတာ”လို့ ပြောခဲ့တာကို မှတ်မိကြဦးမှာပါ။ အခုတော့ အခြေအနေတွေက လုံးဝကို ပြောင်းလဲသွားပါပြီ။ ဗင်နီးစီးယက်စ်ဟာ အမှား များတဲ့ လူငယ် ကစားသမား ဘဝ ကနေ ကမ္ဘာ့အဆင့် ဂိုးသွင်းစက် အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေမှာ သူဟာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ အခုဆိုရင် အမ်ဘာပေး၊ ဘယ်လင်ဟမ် တို့နဲ့အတူ သူဟာ မက်ဒရစ်ရဲ့ တားဆီးမရတဲ့ လက်နက်တစ်ခု ဖြစ်နေပါပြီ။ ကွင်းပြင်ပက ခွဲခြားဆက်ဆံမှုတွေ ကိုလည်း ကွင်းအတွင်းက ခြေစွမ်းနဲ့ပဲ တုံ့ပြန်ပြနေတဲ့ တကယ့် ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်ပါတယ်။
၂။ ခါဗစ်ချာ ခါဗရာစခီလီယာ (ပီအက်စ်ဂျီ)

နေပယ်မြို့မှာ သူ့ကို “ခါဗရာဒိုနာ” လို့ ခေါ်ကြတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ မာရာဒိုနာ လိုပဲ သူဟာ နာပိုလီကို စီးရီးအေ ဖလား ရရှိအောင် ကူညီပေးခဲ့ပါတယ်။ လူစီယာနို စပယ်လက်တီ စင်တင်ပေးခဲ့တဲ့ ဂျော်ဂျီယာသားက သူ့ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုတွေနဲ့ ထူးခြားတဲ့ ကစားဟန်နဲ့ ပရိသတ်တွေကို အမြဲတမ်း စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားပြီးနောက်မှာလည်း ချန်ပီယံလိဂ် အပါအဝင် တစ်ရာသီ အတွင်း ဖလား ၄ လုံး ရရှိထားခဲ့ပါတယ်။ တစ်နှစ် အတွင်း မှာတော့ ဖလား ၆ လုံး ရခဲ့တယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ခါဗရာစခီလီယာက မဖြစ်နိုင်တာတွေကို ဖြစ်အောင် လုပ်ပြနိုင်တဲ့ ကစားသမားမျိုးပါ။
၁။ ရာဖင်ညာ (ဘာစီလိုနာ)
အာဂျင်တီးနား ကြယ်ပွင့်ဟောင်း အိန်ဂျယ် ဒီမာရီယာနဲ့ ခိုင်းနှိုင်းခံရလေ့ရှိတဲ့ ရာဖင်ညာဟာ လိဒ်စ်ယူနိုက်တက်မှာ ကစားကတည်းက နာမည်ကြီးခဲ့ပေမယ့် သူ ရွေးချယ်ခဲ့တာက ဘာစီလိုနာရဲ့ နူးကမ့်ပ်ပဲ ဖြစ်ခဲ့ပါတယ်။ သေချာတာ ကတော့ သူဟာ ရိုးရိုး တောင်ပံကစားသမား တစ်ဦးထက် ပိုပါတယ်။ နည်းစနစ်ပိုင်း အရမ်းကောင်းသလို ပွဲကို ထိန်းချုပ်နိုင်စွမ်းလည်း ရှိပါတယ်။ ၂၀၂၄ နောက်ပိုင်း မှာတော့ ရာဖင်ညာရဲ့ ခြေစွမ်းဟာ ပေါက်ကွဲ ထွက်လာခဲ့ပြီး ဘယ်လွန်ဒေါဆု အတွက်တောင် ရေပန်းစားလာတဲ့အထိ ဂိုးတွေ၊ ဖန်တီးမှုတွေ လုပ်ပြနေပါတယ်။ အတောက်ပဆုံး ကြယ်ပွင့်တွေဟာ အကြီးကျယ်ဆုံး စင်မြင့်ထက်မှာ ပိုပြီး ထိန်ထိန်လင်းတတ်တယ် ဆိုတာကို ရာဖင်ညာက ဘာစီလိုနာမှာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


