လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ တိုက်စစ်မှူးသစ် တစ်ဦး ရှာဖွေနေခဲ့တာ ကြာပါပြီ။ အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ ကတ်တာလန် ထိပ်သီးတို့က လီဝမ်ဒေါစကီးရဲ့ နေရာမှာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ် ကြယ်ပွင့် ဟူလီယန် အဲလ်ဗာရက်ဇ်ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
စပိန်ရေဒီယို Cadena SER ရဲ့ ဖော်ပြချက်အရ ဆိုရင် ဘာစီလိုနာ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ ကိုယ်တိုင်က အာဂျင်တီးနားသားကို ထိပ်တန်း ဦးစားပေး ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ အဲလ်ဗာရက်ဇ်ဟာ ရာဖေးလ် လီယောင် အပါအဝင် တခြားသော ပစ်မှတ်တွေကို ကျော်လွန်ပြီးတော့ ဘာစီလိုနာရဲ့ နံပါတ် ၁ ပစ်မှတ် ဖြစ်လာခဲ့တာ ဖြစ်ကြောင်း Cadena SERက ဆက်လက် ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း အဲလ်ဗာရက်ဇ်ကို လက်တလောမှာ ခေါ်ယူသွားဖို့ မရှိပဲ လီဝမ်ဒေါစကီးရဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၇ အတွက် ကြိုတင် ပြင်ဆင်ထားခြင်းသာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၃၆ နှစ် အရွယ် ပိုလန် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးဟာ ရောပရဲ့ ထိပ်တန်း အဆင့်မှာ ခြေစွမ်းပြကာ ဂိုးတွေ ပုံမှန် သွင်းယူပေးနေဆဲ တိုက်စစ်မှူး တစ်ဦး ဖြစ်ပါတယ်။ လီဝီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွင်း ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားပြီး ၄၂ ဂိုး သွင်းယူကာ အမ်ဘာပေး ပြီးရင် ဥရောပရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ထိပ်သီးတို့ ရရှိခဲ့တဲ့ ဆုဖလား အောင်မြင်မှု အတွက် လီဝမ်ဒေါစကီးက တစ်ထောင့် တစ်နေရာ ကနေ ပါဝင် ပတ်သတ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာလီဂါ ကလပ်ဟာ အနာဂတ် အတွက် ကြိုတင် စဉ်းစားထားတာ ဖြစ်ပြီး လီဝမ်ဒေါစကီးလိုမျိုး ထိပ်တန်း အဆင့် ခြေစွမ်းမျိုး ရှိတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦးကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး တိုက်စစ်မှူးဟောင်း ဟူလီယန် အဲလ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အက်တလက်တီကိုမက်ဒရစ် အတွက် ခြေစွမ်းပြခဲ့ပြီးတော့ ပြိုင်ပွဲစုံ သွင်းဂိုး ၂၉ ဂိုး အထိ သွင်းယူနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း အာဂျင်တီးနားနဲ့ အတူ ကမ္ဘာ့ဖလား အပါအဝင် ကြီးမားတဲ့ ဆုဖလား အောင်မြင်မှုတွေ ရရှိထားတဲ့ ကစားသမား ကိုတော့ တီကို ဘက်က အလွယ်တကူ လက်လွှတ်သွားဖို့တော့ မရှိပါဘူး။ မက်ဒရစ် ကလပ်ဟာ အဲလ်ဗာရက်ဇ်ကို မန်စီးတီး ကနေ ယူရို ၇၅ သန်းနဲ့ ခေါ်ယူခဲ့ပြီးတော့ စာချုပ်လျော်ကြေး ကိုတော့ ယူရို သန်း ၅၀၀ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် အက်တလက်တီကိုမက်ဒရစ် ဥက္ကဋ္ဌ အန်နရီကေး ဆယ်ရီဇို ကလည်း အဲလ်ဗာရက်ဇ်ကို ရောင်းချမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားတာကြောင့် ဘာစီလိုနာ အတွက် တော်တော်လေး ခက်ခဲမယ့် အပြောင်းအရွှေ့ ဖြစ်လာဖို့ ရှိနေပါတယ်။ ဒါကြောင့် ဘာစီလိုနာ အနေနဲ့ လီဝမ်ဒေါစကီးရဲ့ နေရာကို ဆက်ခံမယ့် တိုက်စစ်မှူးကို ဆက်လက် ရှာဖွေနေဖို့ ရှိပြီး အဲလ်ဗာရက်ဇ်နဲ့ အက်တလက်တီကိုမက်ဒရစ်ရဲ့ အခြေအနေ ကိုလည်း စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ အကယ်၍ အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ဘူး ဆိုရင်တော့ အားကစားဒါရိုက်တာ ဒေကို သဘောကျတဲ့ ရက်ရှ်ဖို့ဒ်၊ ဒီးယက်ဇ်နဲ့ လီယောင် တို့လို ကစားသမားတွေကို ပြောင်းလဲ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.