လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဂိုးသမား ယိုအန် ဂါစီယာ ကိုသာ ခေါ်ယူထားရသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကတ်တာလန် ထိပ်သီး ကလပ်ရဲ့ ဥက္ကဌ ဖြစ်သူ ယိုအန် လာပေါ်တာ ကတော့ သူတို့ရဲ့ အသင်းဟာ နောက်ထပ် စိတ်လှုပ်ရှားစရာ ခေါ်ယူမှုတွေ ထပ်မံ ပြုလုပ်သွားဦးမှာ ဖြစ်ကြောင်း အသိပေး ပြောကြားထားခဲ့ပါတယ်။
ဘာစီလိုနာဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ကတ်တာလန် ပြိုင်ဘက် အက်စ်ပန်ညို ဂိုးသမား ယိုအန် ဂါစီယာကို စာချုပ်လျော်ကြေး ယူရို ၂၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီဂိုးသမား ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် အပါအဝင် တခြားသော ကလပ်တွေက ခေါ်ယူချင်ခဲ့ပေမယ့် ဘာစီလိုနာ ကတော့ ပထမ ဂိုးသမား နေရာ ပေးမယ့် စွဲဆောင်မှုနဲ့ ၂၀၃၁ ခုနှစ် အထိ ၆ နှစ် စာချုပ်နဲ့ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာက ပြီးခဲ့တဲ့ ရာသီက မာ့ခ် အန်ဒရီ တာစတီဂျန် ဒဏ်ရာရနေချိန်မှာ အစားထိုး အသုံးပြုခဲ့ရတဲ့ အသက် ၃၅ နှစ် အရွယ် ပိုလန် ဂိုးသမားကြီး ဝေါ့ရှက် ရှက်ဇီနီ ကိုလည်း စာချူပ် သက်တမ်းတိုးထားခဲ့ပါသေးတယ်။
ဂါစီယာကို ခေါ်ယူနိုင်ပြီးနောက် မှာတော့ ဘာဆာ ဥက္ကဋ္ဌ ဖြစ်သူ လာပေါ်တာက စိတ်လှုပ်ရှားစရာ ခေါ်ယူမှုတွေ ထပ်မံ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အခုလိုပဲ ပြောကြားခဲ့တာပါ။ “ကျွန်တော်တို့ ကစားသမား တစ်ဦး ခေါ်ယူလိုက်ပါပြီ။ တကယ့် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ နောက်ထပ် ခေါ်ယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။” လို့ လာပေါ်တာက အသင်းအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှုချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကို ကလည်း တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူလိုကြောင်း ပြီးခဲ့တဲ့ မေလ အတွင်း ပြောကြားထားခဲ့ပါသေးတယ်။ မနေ့ကတော့ ဒေကိုက ဘာစီလိုနာရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သတ်လို့ အတည်ပြုမှု တချို့ ပြုလုပ်သွားခဲ့ပါတယ်။ အရင်ဆုံး ဒေကိုက နာမည်ကြီးနေတဲ့ နီကို ဝီလီယမ်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ “နီကို ဝီလီယမ်စ်က လာချင်ပါတယ်။ ကျွန်တော် တို့ကလည်း ဘီလ်ဘာအိုနဲ့ သဘောတူညီမှု ရဖို့ ကြိုးစားနေပါတယ်။ နီကိုက ဒီကိုလာဖို့ အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချထားပါတယ်။ ကျွန်တော်တို့ သူ့ရဲ့ ကိစ္စမှာ အကျိုးအကြောင်းတွေ မှန်ကန်စွာ လုပ်ဆောင်နိုင်ခဲ့ရင် သေချာပေါက် သဘောတူညီမှု ရပြီးတော့ လက်မှတ်ထိုးနိုင်မှာပါ။” လို့ ဆိုပါတယ်။
ဘာစီလိုနာဟာ နီကို ဝီလီယမ်စ် အပြင် လစ်ဗာပူးလ်က လူးဝစ္စ ဒီးယက်ဇ်၊ မန်ချက်စတာယူနိုက်တက်က မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ပီအက်စ်ဗွီက ပါရီဆစ် တို့ကို တခြားသော ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ဒေကိုက နောက်ခံလူ ရော်နယ် အာရူဟိုနဲ့ ပတ်သတ်လို့ ဥရုဂွေးသားဟာ ဒီနွေရာသီ ဘာစီလိုနာမှာ ၁၀၀ ရာခိုင်နှုန်း အပြည့် ဆက်ရှိနေမှာ ဖြစ်ကြောင်း အတည်ပြုခဲ့သလို ကွင်းလယ်လူ ဖရန်ကီ ဒီယောင် ကိုလည်း အသင်းမှာ ဆက်နေစေလိုကြောင်း စာချုပ်သစ် အတွက်လည်း မကြာခင် စတင် လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ယိုအန် ဂါစီယာ ရောက်ရှိလာသလို ရှက်ဇီနီကို စာချုပ်သစ် ချုပ်ဆိုလိုက်တာကြောင့် အနာဂတ် မသေချာဖြစ်နေတဲ့ တာစတီဂျန်နဲ့ ပတ်သတ်လို့တော့ ဒေကိုက တိကျတဲ့ အဖြေမျိုးပေးသွားခဲ့ခြင်း မရှိပါဘူး။ လာလီဂါ ကလပ် ဘာစီလိုနာဟာ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိနေဆဲ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီနွေရာသီ အပြောင်းအရွှေ့မှာ ထဲထဲဝင်ဝင် ပါဝင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါ အပါအဝင် ပြည်တွင်း ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် လာမယ့် ရာသီမှာလည်း ဆုဖလား အောင်မြင်မှုတွေ ဆက်လက် ရယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.