စပိန် လူမျိုး နည်းပြ ဇာဘီ အလွန်ဆို ကတော့ လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြသစ် အဖြစ် ခန့်အပ်ခံရဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကတော့ ဇာဘီ အလွန်ဆိုကို လာမယ့် လအတွင်း စတင် ကျင်းပမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အမှီ ခန့်အပ်နိုင်ဖို့ အလိုရှိနေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အသင်း အတွက် ဆုဖလား အောင်မြင်မှု များစွာ ရယူပေးခဲ့တဲ့ အီတလီ လူမျိုး ဝါရင့် နည်းပြကြီး ကာလို အန်ဆယ်လော့တီနဲ့ လမ်းခွဲထားခဲ့ပြီး ဒီနည်းပြကြီး ကလည်း ဘရာဇီးလ် လက်ရွေးစင် အသင်းကို ကိုင်တွယ်တော့မှာ ဖြစ်ကြောင်း သတင်းတွေမှာလည်း အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က အန်ဆယ်လော့တီရဲ့ နေရာမှာ ဇာဘီ အလွန်ဆိုကို ခန့်အပ်သွားမှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေပေမယ့် လက်ရှိ အချိန်ထိတော့ တရားဝင် လက်မှတ်ရေးထိုးရခြင်း မရှိသေးပါဘူး။
မက်ဒရစ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ကြားသိရတာတွေ အရ ဆိုရင်တော့ အသက် ၄၃ နှစ် အရွယ် နည်းပြ ဇာဘီ ဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ပြင်ဆင်နိုင်ဖို့ အတွက် လာမယ့် ဇွန်လ ၁ ရက်နေ့မှာ မက်ဒရစ်မြို့ကို သွားရောက်မယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဇွန်လ ၁၈ ရက်မှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ် ကစားရမှာလည်း ဖြစ်ပါတယ်။ စပိန် လက်ရွေးစင် ကွင်းလယ်လူဟောင်း ဇာဘီ အလွန်ဆို ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီရာသီအကုန်မှာ လေဗာကူဆင်နဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပြီးတော့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း နောက်ဆုံး ပွဲမှာ အမှတ်တရ နှုတ်ဆက်ပွဲလည်း ပြုလုပ်ခဲ့ပါတယ်။

အစောပိုင်းမှာ အလွန်ဆို အနေနဲ့ လာလီဂါ ထိပ်သီး ကလပ်နဲ့ အလောတကြီး ပူးပေါင်းဖို့ ဆန္ဒမရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ တစ်ပတ်က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ခပ်မြန်မြန်ပဲ ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်နိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အန်ဆယ်လော့တီနဲ့ ရှေ့မဆက်တော့ဖို့ ဆုံးဖြတ်ပြီးနောက် အမြဲတမ်း နည်းပြ တစ်ဦး အစားထိုး မခန့်အပ်ခင် ယာယီ နည်းပြ တစ်ဦးဦးနဲ့သာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် အစောပိုင်းမှာ စဉ်းစားခဲ့သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံး မှာတော့ သူတို့ ကာလ အတန်ကြာ စောင့်ကြည့်ပြီး သဘောကျနေခဲ့တဲ့ အလွန်ဆိုကို ခပ်မြန်မြန်ပဲ နည်းပြ ရာထူး ပေးအပ်ဖို့ စီစဉ်နေပြီလည်း ဖြစ်ပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့ လတွေမှာ ကတည်းက အန်ဆယ်လော့တီရဲ့ နေရာမှာ အစားထိုးဖို့ အလွန်ဆိုနဲ့ တောက်လျောက် ဆွေးနွေးနေခဲ့ပြီး မတ်လမှာ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။ သတင်းတွေ အရ ရီးရဲလ်မက်ဒရစ်ဟာ ဇာဘီ အလွန်ဆိုနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
တစ်ဖက် မှာလည်း ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် (CBF) က ရီးရဲလ်မက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ အနေနဲ့ မေလ ၂၆ ကနေ စတင်ပြီး အသင်းကို ကိုင်တွယ်တော့မှာ ဖြစ်ကြောင်း အတည်ပြု ကြေညာထားခဲ့ပါတယ်။ အသက် ၆၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်ကို နှစ်ကြိမ် ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှု များစွာ ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ဆယ်လော့တီက ပြီးခဲ့တဲ့ ရာသီကတည်းက လာလီဂါ ကလပ်နဲ့ လမ်းခွဲမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတော့ ဒီရာသီမှာတော့ အသင်းက ရုန်းကန်နေခဲ့ရခြင်းနဲ့ အတူ ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်က အီတလီသားကြီးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် ကတော့ ပြီးခဲ့တဲ့ မတ်လမှာ နည်းပြ ဒိုရီဗဲလ်နဲ့ လမ်းခွဲခဲ့ပြီးနောက် အန်ဆယ်လော့တီကို နည်းပြသစ် အဖြစ် ခန့်အပ်ရန် သဘောတူညီမှုရယူနိုင်ခဲ့တာ ဖြစ်ပြီး တစ်နှစ် လုပ်ခ လစာ ယူရို ၅ သန်း ပေးချေသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် ကတော့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိဖို့ ရည်ရွယ်နေတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.