ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်လေး အန်းဒရစ် ကတော့ လီဂူးဝမ်း ကလပ် လိုင်ယွန်မှာ အငှားသွားရောက် ကစားနေရင်း အံ့အားသင့်ဖွယ် ခြေစွမ်းကောင်းတွေ ပြသလျက် ရှိပါတယ်။ အန်းဒရစ်ခ်ဟာ လိုင်ယွန်မှာ စတင် ကစားချိန်ကတည်းက အရှိန်အဟုန် ကောင်းကောင်းနဲ့ တောက်ပပြနေပြီး သူရဲ့ အခုနောက်ဆုံး သွင်းဂိုးကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဖော်တွေရဲ့ ချီးကျူး ဂုဏ်ပြုခြင်းပါ ခံနေရပြီ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ် တိုက်စစ်မှူးလေး အန်းဒရစ်ခ်က ပြီးခဲ့တဲ့ ဇန်နဝါရီမှာ လိုင်ယွန် အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အန်းဒရစ်ခ်က လက်ရှိ အချိန်ထိ လီဂူးဝမ်း ကလပ် အတွက် ၅ ပွဲ ကစားပေးထားပြီး ၅ ဂိုး သွင်းကာ ၁ ဂိုး ဖန်တီးထားပါတယ်။ ပွဲဦးထွက်မှာတင် အနိုင်ဂိုး သွင်းခဲ့သလို၊ ဒုတိယမြောက် လီဂူးဝမ်း ပွဲစဉ် မှာလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ အခုနောက်ဆုံး လာဗယ်နဲ့ ကစားတဲ့ ပြင်သစ်ဖလား ပွဲစဉ် မှာလည်း အန်းဒရစ်ခ်က လှပတဲ့ ကန်ချက်နဲ့ သွင်းဂိုး ၁ ဂိုး ရယူပေးကာ အသင်းကို ကွာတားဖိုင်နယ်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
အန်းဒရစ်ခ်က သူရဲ့ အံ့ဖွယ် သွင်းဂိုး ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းဖော်တွေက အခုလိုပဲ တုံ့ပြန်ခဲ့ကြပါတယ်။ ဗင်နီးစီးယပ်စ် ဂျူနီယာက “ငါတို့ရဲ့ ဘီလူးကြီး DK” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ရိုဒရီဂို ကတော့ “သူကတော့ ရပ်တန့်မရတော့ဘူးပဲ” လို့ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဂျူ့ဒ် ဘယ်လင်ဟမ်က “Super Bob” လို့ အမည်ပေးခဲ့ပါတယ်။ (မန်ချက်စတာယူနိုက်တက် ဂန္ထဝင် ဘော်ဘီ ချာလ်တန်ဟာ သူ့ရဲ့ အိုင်ဒေါလ် ဖြစ်တယ်လို့ အန်းဒရစ်ခ်က ပြောဖူးတာကြောင့် အသင်းဖော်တွေက သူ့ကို ‘ဘော်ဘီ’ လို့ ချစ်စနိုးနဲ့ ခေါ်ကြတာပါ)
လီဂူးဝမ်း ကလပ်မှာ အချိန်တိုတွင်း အောင်မြင်လာပေမယ့် အန်းဒရစ်ခ် ကတော့ ရီးရဲလ်မက်ဒရစ် အပေါ် သူရဲ့ သစ္စာရှိမှုကို အမြဲတမ်း ပြသလေ့ ရှိပါတယ်။ သူဟာ ၁၅ ထပ်ကွမ်း ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်ချင်နေပြီး အခု အငှားထွက် ကစားနေတာက ပိုမိုကောင်းမွန်တဲ့ ကစားသမား တစ်ယောက် ဖြစ်လာအောင် အရည်အချင်း မြှင့်တင်တဲ့ ကာလ အဖြစ်သာ သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ အန်းဒရစ်ခ် အနေနဲ့ နောက်ထပ် ၄ လကြာတဲ့ အထိ ခြေစွမ်းပြနေသည့် တိုင်အောင် ရီးရဲလ်မက်ဒရစ်ကို ပြန်ရောက်တဲ့အခါမှာ အရန် ကစားသမား အဆင့်ထက် ပိုဖို့ ခက်ခဲနေပါသေးတယ်။ အကြောင်းရင်း ကတော့ ကီလီယန် အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ် တို့က တိုက်စစ်ကို ဦးဆောင်နေတာကြောင့် အန်းဒရစ်ခ် အတွက် ပွဲထွက်ခွင့်နေရာ မရှိသလောက်ပါပဲ။
အမ်ဘာပေး နားနေတဲ့အချိန် ဒါမှမဟုတ် ဒဏ်ရာရတဲ့ အချိန်မျိုးမှာပဲ သူကစားခွင့် ရနိုင်ပြီး လူငယ် ကြယ်ပွင့် ဂွန်ဇာလို ဂါစီယာရဲ့ ခြေစွမ်း တိုးတက်လာမှုကြောင့် အရန်ခုံကနေ လူစားဝင်ဖို့တောင် ရုန်းကန်ရနိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် အန်းဒရစ်ခ် အနေနဲ့ အပတ်စဉ် ပွဲထွက် ကစားခွင့်ရမယ့် အသင်း တစ်သင်းမှာ ကစားမလား၊ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ရဲ့ အရန်ခုံမှာပဲ ဆက်နေမလား ဆိုတာက သူရဲ့ ကစားသမားဘဝ အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်လာနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ကစားခွင့် မရခဲ့တာကြောင့် အန်းဒရစ်ခ်ဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းနဲ့ပါ ဝေးကွာခဲ့ရပါတယ်။ အန်းဒရစ်ခ်ဟာ လက်ရှိ နည်းပြ ကာလို အန်ဆယ်လော့တီ လက်ထက် မတ်လကတည်းက ဘရာဇီးလ် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရခြင်း မရှိတော့ပါဘူး။ နည်းပြဟာ သူ့အစား ယာအို ပက်ဒရိုနဲ့ မားသီးယပ်စ် ကူညာ တို့ကို ပိုဦးစားပေးနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လိုင်ယွန်မှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် အန်ဆယ်လော့တီက အန်းဒရစ်ခ်ကို ပြန်လည် အာရုံစိုက်လာပြီလို့ El Chiringuito သတင်းဌာနက ဖော်ပြပါတယ်။ ဒါကြောင့် လာမယ့် မတ်လ နိုင်ငံတကာ ရက်သတ္တပတ်တွေ အတွင်း ပြင်သစ်၊ ခရိုအေးရှား တို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေ အတွက် အန်းဒရစ်ခ်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဒီပွဲတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလား အတွက် အရေးပါတဲ့ ပြင်ဆင်မှုတွေလည်း ဖြစ်ပါတယ်။
လိုင်ယွန်ကို မပြောင်းရွှေ့ခင်က ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် (၉၉) မိနစ်သာ ကစားခဲ့ရတာကြောင့် ကမ္ဘာ့ဖလား သွားမယ့် လူစာရင်းမှာ ပါဖို့ မျှော်လင့်ချက် မရှိသလောက် ဖြစ်ခဲ့ပေမယ့် လက်ရှိ ခြေစွမ်းအရ ဆိုရင်တော့ အန်းဒရစ်ခ် တစ်ယောက် သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား အိပ်မက်ကို စတင်မက်နိုင်ပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


