အာဖရိကဖလား ပြိုင်ပွဲရဲ့ ဒရာမာတွေ ကတော့ အခုချိန်အထိကို မပြီးဆုံးသေးပါဘူး။ အခုဆိုရင်တော့ အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF)က ဗိုလ်လုပွဲတုန်းက ကွင်းထဲ ကနေ ထွက်ခွာသွားခဲ့တဲ့ ဆီနီဂေါ အသင်းကို ချန်ပီယံဘွဲ့ ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ကစားခဲ့တဲ့ အဆိုပါ ဗိုလ်လုပွဲမှာ ဆီနီဂေါ အသင်းက မော်ရိုကို အသင်းကို ပတ်ပီ ဂူရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အဲဒီပွဲစဉ်ဟာ အလွန်အမင်း အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ ပုံမှန် ပွဲကစားချိန် မိနစ်တွေ အတွင်း ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်နေချိန် နာကျင် အချိန်ပို နောက်ဆုံး မိနစ်မှာ အိမ်ရှင် မော်ရိုကိုကို ပင်နယ်တီ ပေးခဲ့တာကြောင့် ဆီနီဂေါ ကစားသမားတွေဟာ ပွဲကို ဆက်လက် မကစားတော့ပဲ ကွင်းထဲ ကနေ ထွက်ခွာကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီနောက် ၁၇ မိနစ်ခန့် အကြာမှ ကွင်းထဲကို ပြန်လည် ဝင်ရောက်လာခဲ့ကြပြီး ဘရာဟင်မ် ဒီးယက်ဇ်ရဲ့ ပင်နယ်တီ ကန်ချက် ကိုတော့ ဆီနီဂေါ ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် အချိန်ပို ဆက်ကစားခဲ့ရပြီး ပတ်ပီ ဂူရီက ဆီနီဂေါ အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ပွဲမပြီးခင် ကွင်းထဲကနေ ထွက်ခွာသွားတဲ့ လုပ်ရပ်ကြောင့် CAF က ပွဲရလဒ်ကို ပြောင်းပြန်လှန်လိုက်ပြီး ဆီနီဂေါကို ရှုံးနိမ့်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စည်းမျဉ်းအရ ပွဲရလဒ်ကို မော်ရိုကိုက ၃-၀ နဲ့ အနိုင်ရရှိကြောင်း သတ်မှတ်ပေးခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ရဲ့ အယူခံဝင်မှုကို CAF က လက်ခံခဲ့ပြီး အာဖရိကဖလား ပြိုင်ပွဲ စည်းမျဉ်း အပိုဒ် ၈၂ အရ အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်း ကတော့ အသင်း တစ်သင်းဟာ ဒိုင်လူကြီးရဲ့ ခွင့်ပြုချက် မရဘဲ သတ်မှတ် ကစားချိန် မကုန်ဆုံးခင် ကွင်း အတွင်း ကနေ ထွက်ခွာသွားခြင်း သို့မဟုတ် ဆက်လက် ကစားရန် ငြင်းဆန်ခြင်း ပြုလုပ်ပါက အဲဒီ ပြိုင်ပွဲ ကနေ ထုတ်ပယ်ခြင်း ခံရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက် အပြီးမှာ မော်ရိုကို ဘောလုံးအဖွဲ့ချုပ်က “ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ချက်ဟာ ပြိုင်ဘက် အသင်းရဲ့ ခြေစွမ်းကို စိန်ခေါ်ဖို့ မဟုတ်ဘဲ ပြိုင်ပွဲရဲ့ စည်းမျဉ်း စည်းကမ်းတွေကို တိတိကျကျ လိုက်နာ ကျင့်သုံးဖို့ တောင်းဆိုတာသာ ဖြစ်တယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိ မှာတော့ မော်ရိုကို အသင်းဟာ အာဖရိကဖလား ပြိုင်ပွဲမှာ ၂ ကြိမ်မြောက် ချန်ပီယံ ဖြစ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ တဖက်မှာ ဆီနီဂေါ ကတော့ ၂၀၂၅ ချန်ပီယံဘွဲ့ ရုပ်သိမ်းခံလိုက်ရတာကြောင့် မှတ်တမ်းတွေအရ ချန်ပီယံဆု ၁ ကြိမ်သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။
အာဖရိကဘောလုံး အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို တချို့က မှန်ကန်ကြောင်း ထောက်ခံ အားပေးမှုတွေ ရှိနေသလို တဖက်မှာလည်း ဝေဖန် လှောင်ပြောင်မှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။ ဒါ့အပြင် အခုနှစ် အာဖရိကဖလား ချန်ပီယံ ဖြစ်လာတဲ့ မော်ရိုကို အနေနဲ့ ဆုဖလား လက်လွှဲရယူပြီးချိန်မှာ အောင်ပွဲခံမလား။ ဒီအတိုင်းပဲ ချန်ပီယံ အဖြစ်ပဲ ခံယူလိုက်မလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ မော်ရိုကို ပရိသတ်တွေဟာ သူတို့ အသင်း ချန်ပီယံ ဖြစ်လာရင် ဝတ်ဆင်ဖို့ ပြင်ဆင်ထားခဲ့တဲ့ အမဲနဲ့ ရွှေရောင်စပ် အထူး ဂျာစီကို ဝတ်ဆင်ခွင့်ရပြီ ဖြစ်ပါတယ်။
ဆီနီဂေါ ဘောလုံးအဖွဲ့ချုပ် ကတော့ “အခု ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မတရားတဲ့အပြင်၊ အစဉ်အလာလည်း မရှိ၊ လက်ခံနိုင်စရာလည်း မရှိတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါဟာ အာဖရိကဘောလုံးလောကရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။”
“ကျွန်တော် တို့ရဲ့ အခွင့်အရေးတွေနဲ့ ဆီနီဂေါ ဘောလုံးလောကရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် အဖွဲ့ချုပ် အနေနဲ့ ဆွစ်ဇာလန်နိုင်ငံ၊ လော်ဆန်းမြို့မှာ ရှိတဲ့ နိုင်ငံတကာ အားကစားခုံရုံး (CAS) ထံကို အမြန်ဆုံး အယူခံဝင်သွားမှာ ဖြစ်ပါတယ်။”
“ဆီနီဂေါ ဘောလုံးအဖွဲ့ချုပ် (FSF) အနေနဲ့ ရိုးသားဖြောင့်မတ်မှုနဲ့ အားကစားဆိုင်ရာ တရားမျှတမှု တန်ဖိုးတွေ အပေါ် ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပြီး၊ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ထူးခြားဖြစ်စဉ် အသစ်တွေ ကိုလည်း မိဘပြည်သူတွေဆီ အချိန်နဲ့ တစ်ပြေးညီ ဆက်လက် အသိပေးသွားပါမယ်။” လို့ တုန့်ပြန်ထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


