မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ကစားသွားတဲ့ ခရာဘောင်ဖလား ဒုတိယအဆင့် ပွဲစဉ်မှာ လိဂ်တူး ကလပ် ဂရင်းမ်စဘီတောင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ဒီလို ယူနိုက်တက်ရဲ့ သမိုင်းတစ်လျှောက် အရှက်တကွဲ ရှုံးပွဲတွေထဲက တစ်ပွဲ အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဒီပွဲအပြီးမှာတော့ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်အရဲ့ အနာဂတ် ကလည်း တော်တော်လေး မရေမရာ ဖြစ်သွားခဲ့ပါတယ်။ လက်ရှိမှာ အမော်ရင်က ပရီးမီးယားလိဂ်ရဲ့ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြ ၃ ဦး စာရင်းထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြက နော့တင်ဟမ်ဖောရက်စ် အသင်း တာဝန်ရှိသူတွေနဲ့ အဆင်မပြေ ဖြစ်နေတဲ့ နူနို အက်စ်ပီရီတို ဆန်တို ဖြစ်ပြီး သူ့နောက်မှာတော့ ရလဒ်တွေ ဆိုးရွားနေတဲ့ ဝက်စ်ဟမ်းရဲ့ နည်းပြ ဂရေဟမ် ပေါ်တာ ရှိနေပါတယ်။ အဆင့် ၃ နေရာ မှာတော့ ရူဘင် အမော်ရင် ရှိနေပြီး ယူနိုက်တက် အနေနဲ့ လာမယ့် ပွဲစဉ်တွေ မှာသာ ရလဒ် မကောင်းခဲ့ရင် အမော်ရင်နဲ့ ကျိန်းသေပေါက် လမ်းခွဲလိမ့်မယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။
လက်တလော သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အင်္ဂလန် နည်းပြဟောင်း ဂါရတ်သ် ဆောက်ဂိတ်နဲ့ ကလပ်ရဲ့ ဂန္ထဝင် ကွင်းလယ် ကစားသမားဟောင်း မိုက်ကယ် ကာရစ် တို့က ထိပ်ဆုံးက ရေပန်းစားနေတယ်လို့လည်း သိရပါတယ်။ ပေါ်တူဂီ လူမျိုး နည်းပြ ရူဘင် အမော်ရင် ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၁ဝ လ အကြာမှာပဲ သူ့ရဲ့ အနာဂတ်က မသေချာ ဖြစ်လာခဲ့တာပါ။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက အဆိုးရွားဆုံး အခြေအနေတွေကို ကျော်ဖြတ်ခဲ့ရပြီးနောက် ဒီရာသီ မှာတော့ လိုအပ်နေတဲ့ တိုက်စစ် အတွက် အင်အား ဖြည့်တင်းခြင်းနဲ့ အမော်ရင်ရဲ့ ပြောစကား တချို့ကြောင့် ပရိသတ်တွေက မျှော်လင့်ချက်တွေ ထားရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ရာသီသစ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ လုံးဝ မရသေးပဲ ပြည်တွင်း ဆုဖလား တစ်လုံး ကိုလည်း စောစောစီးစီး လက်လွှတ်ထားရပြီ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းကို ပြန်ကြည့်မယ် ဆိုရင်လည်း အမော်ရင်ရဲ့ အသင်းက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာသာ ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျန်ပွဲတွေ မှာတော့ အသင်းကြီး တစ်သင်းရဲ့ ကစားဟန်မျိုးတောင် မရှိခဲ့ပါဘူး။
လက်ရှိမှာ ဘွတ်ကီတွေရဲ့ ခန့်မှန်းချက်တွေအရ အမော်ရင် ထုတ်ပယ်ခံခဲ့ရရင် သူ့နေရာကို ဆက်ခံဖို အင်္ဂလန် နည်းပြဟောင်း ဂါရက်သ် ဆောက်ဂိတ်က ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ အသက် ၅၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်ကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း အင်္ဂလန် နည်းပြ ရာထူး ကနေ နုတ်ထွက်ပြီး အနားယူနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်ဂိတ်ဟာ လက်ရှိမှာ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ စာအုပ် တစ်အုပ် ရေးသားနေကြောင်း မကြာသေးခင်ကမှ ဖွင့်ဟထားပါတယ်။ ဆောက်ဂိတ်ဟာ ယူနိုက်တက်က အမော်ရင်ကို မခန့်အပ်ခင်တုန်းကလည်း သရဲနီတွေရဲ့ နည်းပြ ရာထူး အတွက် ရေပန်းစားခဲ့ဖူးသလို သူကိုယ်တိုင် ကလည်း ယူနိုက်တက်ကို စိတ်ဝင်စားကြောင်း ပြသခဲ့ဖူးပါတယ်။
ဆောက်ဂိတ်နဲ့ အတူ ပူးတွဲ ရေပန်းစားနေသူ ကတော့ ကစားသမားဟောင်း မိုက်ကယ် ကာရစ် ဖြစ်ပါတယ်။ ကာရစ်ဟာ မစ်ဒယ်ဘရော့ကို အကောင်းဆုံး ကိုင်တွယ်ခဲ့ပြီးတော့ အရည်အသွေး ရှိတဲ့ နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ ရာသီက အသင်းရဲ့ ခြေစွမ်းတွေ ထိုးကျသွားတာကြောင့် ဇွန်လမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူက မော်ရင်ဟိုနဲ့ ဆိုးလ်ရှားတို့ လက်ထက်မှာ လက်ထောက် နည်းပြ အဖြစ် တာဝန်ယူခဲ့ဖူးသလို ၂၀၂၁ ခုနှစ်က ယာယီ နည်းပြ အဖြစ် ၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိထားပါတယ်။ ဒီနှစ်ဦး အပြင် ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာနဲ့ လက်ရှိ အမေရိကန် လက်ရွေးစင် အသင်း နည်းပြ မော်ရူစီယို ပိုချက်တီနို တို့ကလည်း ယူနိုက်တက် နည်းပြ ရာထူး အတွက် ရေပန်းစားနေကြပါတယ်။ သူတို့ ပြီးရင်တော့ ယူနိုက်တက် လက်ထောက် နည်းပြဟောင်း လက်ရှိ အစ်ပ်ဆွစ်ချ် နည်းပြ ကီရန် မက် ကန်နာ၊ ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗား၊ ဘုန်းမောက် နည်းပြ အန်ဒိုနီ အိုင်ရာ အိုလာနဲ့ ဘာစီလိုနာ နည်းပြဟောင်း ဇာဗီ ဟာနန်ဒက်ဇ် တို့လည်း အသီးသီး ရေပန်းစားနေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.