ရူဘင် အမော်ရင် ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ အလားအလာတွေ ရှိနေတယ် ဆိုပြီး ထင်ကြေးပေးမှု အများအပြား ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီသားက သရဲနီတွေဟာ သူ့ အတွက် တစ်သင်းတည်းသော အသင်း အဖြစ် ဆက်ရှိနေမှာ မဖြစ်ကြောင်း အခိုင်အမာ ပြောဆိုလာခဲ့ပါတယ်။ ဆိုလိုတာ ကတော့ သူ့အနေနဲ့ ကောလာဟလတွေ ထွက်ပေါ်နေသည့် တိုင်အောင် ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် မှာပဲ ဆက်ရှိနေမယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း ပေါ်တူဂီ ထိပ်သီး ကလပ် ဘင်ဖီကာက မကြာခင်မှာ အသင်း ဥက္ကဌ ရွေးကောက်ပွဲ ရှိနေပြီး ဥက္ကဌလောင်း ယာအို နိုရွန်ဟာ လိုပက်စ်က အမော်ရင်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ နိုရွန်ဟာကို ဥက္ကဌ အဖြစ် အဆိုပြုထားတဲ့ ဒုဥက္ကဋ္ဌ နူနို ဂိုးမက်စ် ကလည်း “ကျွန်တော် သိတာ တစ်ခုက တစ်နေ့မှာ ရူဘင် အမော်ရင်က ဘင်ဖီကာ နည်းပြ ဖြစ်လာမယ် ဆိုတာပါပဲ။” လို့ ပြောဆိုထားပါတယ်။
လက်ရှိ မှာတော့ ဘင်ဖီကာက ဘရူနို လာဂါကို ရာထူး ကနေ ထုတ်ပယ် အပြီးမှာ ပေါ်တူဂီ လူမျိုး နည်းပြကြီး စပယ်ရှယ်ဝမ်း ဟိုဆေး မော်ရင်ညိုကို နည်းပြ အဖြစ် ခန့်အပ်ထားခဲ့ပါတယ်။ ဒါကြောင့် ပေါ်တူဂီ ကလပ်က အမော်ရင်ကို ခန့်အပ်ဖို့ အစီအစဉ်ကို နောက်ဆုတ်ထားခဲ့ရတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
DAZN နဲ့ အင်တာဗျူးမှာ ရူဘင် အမော်ရင်က “ဘာတွေဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ကျွန်တော် ဒီမှာ ဆက်ရှိနေမှာပါ။ မန်ချက်စတာယူနိုက်တက် ကိုပဲ အာရုံစိုက်ထားပြီး ဒါဟာ ကျွန်တော့်ရဲ့တစ်ခုတည်းသော ကလပ် ဖြစ်မှာပါ။” လို့ ပြောဆိုထားခဲ့ပါတယ်။
အမော်ရင် ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းချိန်တိုင်း အမြဲတမ်းလိုလို ရှင်းရှင်းလင်းလင်း မဖော်ပြတတ်သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးပတ်နီးပါးလောက် ကတော့ အသက် ၄၀ အရွယ် နည်းပြဟာ တစ်ခါတလေ အလုပ်ထွက်ချင်ကြောင်း တစ်ခါတလေတော့ ဒီမှာ အနှစ် ၂၀ လောက် နေချင်ကြောင်း ဝန်ခံခဲ့ဖူးပါတယ်။

လက်ရှိမှာ ယူနိုက်တက်ရဲ့ အခြေအနေအရ ရူဘင် အမော်ရင်ရဲ့ အနာဂတ် ကလည်း မသေချာ မရေရာသေးပါဘူး။ အကယ်၍ ယူနိုက်တက်သာ လာမယ့် ပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေမယ် ဆိုရင် အမော်ရင် အနေနဲ့ အထုတ်ပယ်ခံရနိုင်ခြေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက လာတဲ့ သတင်းတွေအရ ဆိုရင် အသင်း တာဝန်ရှိသူတွေဟာ အမော်ရင် အပေါ် အပြည့်အဝ ယုံကြည်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီးတို့ အနေနဲ့ အမော်ရင်ကို ထုတ်ပယ်ခဲ့ရင် ပေါင် ၁၂ သန်း လျော်ကြေးပေးရမယ့် အခြေအနေလည်း ရှိနေပါသေးတယ်။
စနေနေ့က ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ ပွဲစဉ် မတိုင်ခင် မှာတော့ အမော်ရင်က သူ့အနေနဲ့ ယူနိုက်တက်မှာ ကာလကြာရှည် ရှိနေနိုင်မယ်လို့ ယုံကြည်ကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဒီကလပ်နဲ့ တစ်နှစ်လောက် အတွေ့အကြုံ ရပြီးတဲ့နောက် လာမယ့် ၁၂ လမှာ ဘာဖြစ်မယ်ဆိုတာ စိတ်ကူးဖို့ ခက်ပါတယ်။ (ဒါပေမယ့်) ကျွန်တော် ဒီမှာ ရှိနေဖို့ မျှော်လင့်ပါတယ်။ ဒါက ပထမဦးစားပေးပါပဲ။” လို့ အမော်ရင်က Sky Sports ကို ပြောကြားခဲ့သည်။
“ဘောက်စ်တွေ အကြားမှာ တကယ်ကို ကောင်းကောင်းကစားပြီး ဘောက်စ်တွေထဲမှာ အကောင်းဆုံး ဖြစ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီဘောလုံး အသင်းမှာ ပုံမှန် အနိုင်ရဖို့ အရှိန်အဟုန် တစ်ခု ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပွဲတွေကို အနိုင်ရဖို့ပါ။ ဆုဖလားတွေ အကြောင်း မပြောဘူးနော်။ ပုံမှန် ပွဲတွေ အနိုင်ရဖို့က အဓိကပါ။ ၁၂ လ အတွင်းမှာ အဲဒီလို ဖြစ်လာမယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် ခင်ဗျားတို့ မြင်တဲ့ အတိုင်းပဲ၊ ကျွန်တော် တို့က တစ်ရက်ပြီး တစ်ရက် ရှင်သန်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် ၁၂ လ အတွင်း ဒီမှာ ရှိနေဖို့ မျှော်လင့်တယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီး ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးကာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း အမှတ်ပေးဇယား အဆင့် ၂ နေရာက အာဆင်နယ်နဲ့တောင် ၃ မှတ်ပဲ ကွာဟနေလို့ မျှော်လင့်ချက် များစွာ ရှိနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.