အင်္ဂလန် ညာနောက်ခံလူ ထရန့် အလက်ဇန္ဒား အာနိုးလ် ကတော့ ပြီးခဲ့တဲ့ ရက်ကပဲ ပရီးမီးယားလိဂ် လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ အာနိုးလ်ဟာ လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဒုတိယအကြိမ် ထပ်မံ ရယူပြီးနောက် အန်ဖီးလ်ကို နှုတ်ဆက်ဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ လာမယ့် ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အာနိုးလ်ဟာ ပရီးမီးယားလိဂ် ကလပ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲစုံ ၃၅၂ ပွဲ ကစားကာ ၂၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာနိုးလ်ဟာ လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယာလိဂ် ဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ် အပါအဝင် အဓိက ဆုဖလား ၈ လုံး ရယူနိုင်ခဲ့ပါတယ်။
အာနိုးလ်ဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ကို ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်နေပြီး နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြောင်း အသင်းထံ အသိပေးခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သတ်ပြီးလည်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

အာနိုးလ်က “ပထမဆုံးအနေနဲ့ ကျွန်တော် ပြောချင်တာက ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ အများကြီး စဉ်းစားပြီး ခံစားချက်တွေ အများကြီးနဲ့ ဆုံးဖြတ်ခဲ့ရတာပါ။ ကျွန်တော် ဒီမှာ နှစ် ၂၀ ကြာ နေခဲ့ပြီးတော့ မိနစ်တိုင်းကို ချစ်မြတ်နိုးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်တွေ အားလုံး ကျွန်တော် ဒီမှာ လိုချင်ခဲ့သမျှ အရာအားလုံးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နှစ် ၂၀ လုံးလုံး နေ့စဉ် နေ့တိုင်း အရာအားလုံးကို ပေးဆပ်ခဲ့ပြီးတဲ့နောက်မှာ ကစားသမား တစ်ယောက် အနေနဲ့ရော လူသား တစ်ယောက် အနေနဲ့ပါ ကျွန်တော့် အတွက် အပြောင်းအလဲတစ်ခု စိန်ခေါ်မှု အသစ် တစ်ခု လိုအပ်တယ်လို့ ခံစားလာရတဲ့ အချိန် တစ်ခု ရောက်လာပါတယ်။ ဒါကြောင့် အခုချိန်ဟာ ကျွန်တော့် အတွက် ဒီလို ဆုံးဖြတ်ဖို့ အသင့်တော်ဆုံး အချိန်လို့ ထင်ပါတယ်။” လို့ ဆိုပါတယ်။ ဆက်လက်ပြီး အာနိုးလ်က “ဆုံးဖြတ်ချက်က ဘာဖြစ်မလဲ ဘယ်လိုပုံစံ ဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆူညံသံတွေ ဝေဖန်သံတွေ အများကြီး ရှိခဲ့တာကို ကျွန်တော် သိပါတယ်။ တချို့က စောစော ပြောသင့်တယ်လို့ ပြောကြပါလိမ့်မယ်။ တချို့က အချိန်ကောင်းကို စောင့်တယ်လို ပြောကြမှာပါ။ ဒါပေမယ့် ကျွန်တော် ကိုယ်တိုင် ကတော့ အာရုံစိုက်မှုက အမြဲတမ်း ကွင်းထဲမှာပဲ ရှိသင့်တယ် ဘောလုံးအကြောင်းပဲ ဖြစ်သင့်တယ်လို့ ခံစားမိတယ်။ ကျွန်တော်တို့ ချန်ပီယံဆု အတွက် ပြိုင်ဆိုင်နေချိန် ဆုဖလားတွေ အတွက် ကြိုးစားနေချိန်မှာ အသင်း အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့နဲ့ အသင်းကို အာရုံမပြောင်းသွားအောင် ကွင်းထဲက လုပ်ဆောင်မှုတွေကို အနှောင့်အယှက် မဖြစ်အောင် လုပ်ဖို့က အရေးကြီးပါတယ်။ ကျွန်တော့် အတွက်တော့ ရာသီက တစ်မျိုးတစ်ဖုံ ပြီးဆုံးသွားချိန်မှာ ဒီလို ဆုံးဖြတ်ချက်ချဖို့ အမြဲတမ်း စဉ်းစားခဲ့တယ်။ နောက်ဆုံး ပွဲစဉ်မှ မဟုတ်ဘဲ တကယ်တမ်း ကစားဖို့ ဘာမှမကျန်တော့တဲ့ အချိန်ကျမှ ကြေညာမလို့ပါ။ အခု ကျွန်တော်တို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒီလို အံ့မခန်း အောင်မြင်မှုကို ဂုဏ်ပြုနိုင်ခဲ့ပြီ ဆိုတော့ အခုချိန်ဟာ ရင်ထဲက အပူတွေကို ထုတ်ပြောဖို့ ပရိသတ်တွေကို အမှန်တရားကို ပြောပြဖို့ အချိန်တန်ပြီလို့ ခံစားမိတဲ့ အတွက် အခုလို ကြေညာလိုက်တာပါ။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.