မနေ့ညက အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အာဆင်နယ်တို့ ဖူလ်ဟမ်ကို ပထမပိုင်းမှာတင် အကောင်းဆုံး စွမ်းဆောင်ရည် ပြသကာ ၃-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်တို့ ဖူလ်ဟမ်ကို ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ၆ မှတ် အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဗစ်တာ ယောကရက်စ်က နှစ်ဂိုး သွင်းယူခဲ့ပြီး၊ ဘူကာယို ဆာကာ ကလည်း ၈ ပွဲ အတွင်း ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ကာ အသင်းရဲ့ နိုင်ပွဲ အတွက် အရေးပါသူ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က အတိုင်း အာဆင်နယ်တို့ ပွဲချိန် ၉ မိနစ်မှာတင် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲနဲ့ မတူညီတာက မီခဲလ် အာတေးတားရဲ့ အသင်းက အဖွင့်ဂိုး ရပြီး နောက်ပိုင်းလည်း တိုက်စစ်ကို ဆက်လက် မြှင့်တင်ပြီး ဖူလ်ဟမ်ကို အလဲထိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီပွဲရဲ့ အဖွင့်ဂိုးကို ယောကရက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဆာကာရဲ့ အကောင်းဆုံး ဖန်တီးမှု ကနေ တဆင့် ဂိုးပေါက်နား ကနေ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကစားသမား ဆာကာက ညာခြမ်းမှာ ရာအူးလ် ဟင်မီနက်ဇ်ကို လှည့်စား ကျော်ဖြတ်ပြီးနောက် ယောကရက်စ် ဂိုးသွင်းနိုင်ဖို့ အကောင်းဆုံး ပေးပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်းမှ နွေရာသီတွင် ပြောင်းရွှေ့လာပြီး နောက်ပိုင်း အမျိုးမျိုး ဝေဖန်ခံရတဲ့ ယောကရက်စ်က ဒီနေ့ ပွဲမှ ၂ ဂိုး သွင်းယူခဲ့တာကြောင့် အာဆင်နယ် အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၁ ဂိုး အထိ ရှိလာခဲ့ပါတယ်။ သူဟာ ၂၀၁၄-၁၅ ရာသီက အလက်ဆစ် ဆန်းချက်ဇ် (၂၅ ဂိုး) နောက်ပိုင်း အာဆင်နယ် အတွက် ပွဲဦးထွက် ရာသီမှာတင် ပြိုင်ပွဲစုံ ဂိုး ၂၀ ကျော် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ခေတ်မှာ အာဆင်နယ် အတွက် ပွဲဦးထွက်ရာသီမှာ ဂိုး ၂၀ ကျော် သွင်းယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားက ၁၉၉၉-၂၀၀၀ ရာသီက သီယာရီ အွန်နရီ (၂၆ ဂိုး) ဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၃၀ မှာ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပေမယ့်လည်း လီအန်ဒရို ထရော့ဆတ်ဒ် ဖြတ်တင်ဘော ပေးပို့ချိန်မှာ ရီကာဒို ကာလာဖီအိုရီ လူကျွံနေခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုပေးခြင်း မခံရပါဘူး။ ဒါပေမယ့်လည်း ပထမပိုင်း မပြီးခင် ၅ မိနစ် အလိုမှာ အာဆင်နယ်တို့ ၂-၀ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ဆာကာက ဂိုးသွင်းရှင် ဖြစ်လာခဲ့ပြီး ယောကရက်စ်က ဖန်တီးပေးသူ ဖြစ်ခဲ့ပါတယ်။ ဆွီဒင် တိုက်စစ်မှူးရဲ့ အကွက်မြင်မြင် ပေးပို့မှုကို ဆာကာက ဂိုးဧရိယာထဲ အထိ ပြေးဝင်ကာ ဘန် လန်နို လက်လှမ်းမမီအောင် အားပါပါ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ဆာကာ အတွက် ပြိုင်ပွဲစုံ ဂိုးပါဝင်ပတ်သက်မှု (သွင်းဂိုး ၈၀၊ ဖန်တီးမှု ၇၀) စုစုပေါင်း ၁၅၀ မြောက်လည်း ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် ပထမပိုင်းမပြီးခင်မှာတော့ ယောကရက်စ်က သူ့ရဲ့ ဒုတိယမြောက် ဂိုးကို သွင်းယူပြီး အာဆင်နယ် အတွက် တတိယဂိုးကို ရယူပေးခဲ့ပါတယ်။ ထရော့ဆက်ဒ်ရဲ့ ဘယ်ခြမ်းကနေ ကောင်းမွန်တဲ့ ဖန်တီးမှုက တစ်ဆင့် ယောကရက်စ်က ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်တို့သည် ပထမပိုင်းမှာ တော်တော်လေး အစွမ်းထက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ဖူလ်ဟမ် ဂိုးပေါက်ကို ၁၄ ကြိမ် ကန်သွင်းနိုင်ခဲ့ကာ ဖူလ်ဟမ်ရဲ့ အဝေးကန်ချက် ၂ ကြိမ် ကိုသာ ခွင့်ပြုခဲ့ရပါတယ်။ ဒါဟာ ၂၀၂၄ နိုဝင်ဘာလက ဝက်စ်ဟမ်းနဲ့ ပွဲနောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် တစ်ခုရဲ့ ပထမပိုင်းမှာတင် ၃ ဂိုး အသာ နဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ပထမဆုံး ပွဲစဉ် ဖြစ်ပါတယ်။
အာဆင်နယ်က ပထမပိုင်းမှာတင် ပွဲကို ဖြတ်ထားနိုင်လိုက်တာကောင့် ဒုတိယပိုင်း မှာတော့ ကစားအားကို သိသိသာသာ ထိန်းသွားပြီး အဓိက ကစားသမားတွေ သက်သာစေဖို့ လူစားလဲခဲ့ပါတယ်။ မာကို ဆေးလ်ဗားရဲ့ အသင်းဟာ ဒုတိယပိုင်းမှာ အိမ်ရှင်ထက် နှစ်ဆ ပိုများတဲ့ ကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့်လည်း သွင်းဂိုး အဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒီပွဲ ရလဒ်ကြောင့် ဖူလ်ဟမ် အတွက်တော့ အာဆင်နယ် အိမ်ကွင်းမှာ ကစားတိုင်း ဆိုးရွားတဲ့ မှတ်တမ်းက ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ပရီးမီးယားလိဂ် သမိုင်းကြောင်း တလျှောက် လန်ဒန် ပြိုင်ဘက်ရဲ့ အိမ်ကွင်းကို ၃၃ ကြိမ်အထိ လာရောက် ကစားခဲ့ပေမယ့်လည်း တစ်ကြိမ်တစ်ခါမျှ အနိုင်မရခဲ့ပါဘူး။ ၂၆ ပွဲ ရှုံး၊ ၇ ပွဲ သရေကျခဲ့တာက အင်္ဂလိပ်လိဂ် သမိုင်းမှာ အသင်း တစ်သင်းက တခြား အသင်း တစ်သင်းရဲ့ အိမ်ကွင်းမှာ အနိုင်မရဘဲ အများဆုံး လာရောက် ကစားရတဲ့ မှတ်တမ်း ဖြစ်နေပါတယ်။
အာဆင်နယ် ကတော့ လက်တလောမှာ မန်စီးတီးထက် ၂ ပွဲ ပိုကစားပြီး ၆ မှတ် ဖြတ်လိုက်နိုင်ပြီ ဖြစ်သလို ဂိုကွာခြားချက်လည်း +၄ သာသွားခဲ့ပါပြီ။ ဒါပေမယ့် မန်စီးတီးသာ လက်ကျန် ပွဲစဉ်တွေမှာ ဂိုးပြတ်နိုင်ပွဲတွေသာ ဖော်ဆောင်နိုင်ရင် အာဆင်နယ်ကို ဆက်လက် ဖိအားပေးနိုင်နေဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


