နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ် ကတော့ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ ၂-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ ခြေစွမ်း ကိုတော့ ချီးကျူးခဲ့သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဓိက ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဂျိုးလင်တန်နဲ့ ဆန်ဒရို တိုနာလီတို့ ဒဏ်ရာရရှိသွားခဲ့တာကြောင့်တော့ အက်ဒီဟောင်းဝ် အနေနဲ့ ရတက်မအေး ဖြစ်နေပြီး အသင်းရဲ့ လူစာရင်း အပေါ် စိုးရိမ်မှုတွေ ရှိနေကြောင်း ဝန်ခံခဲ့ပါတယ်။ နယူးကာဆယ်ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ကျပွဲမှာ လစ်ဗာပူးလ်ကို အံ့အားသင့်ဖွယ် ခြေစွမ်းတွေနဲ့ တုန့်ပြန် ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အိမ်ရှင် နယူးကာဆယ်ဟာ ပွဲအစပိုင်းမှာ ပြိုင်ဘက်ကို လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက် ဗာဂျယ် ဗန်ဒိုက်ခ်ကို တိုက်စစ် ကစားသမား အန်တိုနီ ဂေါ်ဒွန် အနေနဲ့ ဥပဒေ ပြင်ပ ကစားခဲ့တာကြောင့် VAR ပြန်ကြည့်ပြီး အနီကတ် ပြသခဲ့ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ငှက်ကြားတွေက ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် ဒုတိယပိုင်း ပွဲပြန်စချိန်မှာလည်း ဟူဂို အစ်ကီတီကီက လစ်ဗာပူးလ် အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း နယူးကာဆယ်က တစ်ယောက်လျော့ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေပေမယ့် အံအားသင့်ဖွယ် ပြန်လာခဲ့ပြီး ဘရူနို ဂီမာရေးစ်နဲ့ ဝီလီယံ အိုဆူလာ တို့ရဲ့ ချေပဂိုးတွေကြောင့် သရေ တစ်မှတ် ရဖို့ နီးစပ်ခဲ့တာပါ။ ဒါပေမယ့်လည်း ၉၀+၁၀ မှာတော့ အသက် ၁၆ နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် ကစားသမားလေး ရီယို အန်ဂန်မိုဟာရဲ့ အနိုင်ဂိုးကြောင့် ငှက်ကြားတို့ ကံဆိုးခဲ့ရပြီး ရမှတ် ဗလာနဲ့ ပွဲသိမ်းခဲ့ရပါတယ်။
ဒီရှုံးပွဲကြောင့် နယူးကာဆယ်ဟာ လစ်ဗာပူးလ်ကို ပရီးမီးယားလိဂ် နောက်ဆုံး ၁၈ ပွဲဆက် အနိုင်မရတဲ့ စံချိန်ဆိုးလည်း ပိုင်ဆိုင်ခဲ့ရပါတယ်။ ငှက်ကြားတွေဟာ ကြိုးကြာနီတွေကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက အနိုင်မရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ အက်ဒီဟောင်းဝ် ကတော့ အသင်းရဲ့ ရှုံးပွဲ အတွက် စိတ်ပျက်ခြင်း မရှိပဲ တစ်ယောက်လျော့နဲ့ ပြန်လည် တိုက်ပွဲဝင်နိုင်ခဲ့တဲ့ အသင်းရဲ့ စိတ်ဓာတ်ကို အခုလိုပဲ ချီးကျူးသွားခဲ့ပါတယ်။

“ကျွန်တော်တို့ တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့တာပါ။ မယုံနိုင်လောက်အောင် ပြန်လည် တိုက်ပွဲဝင်နိုင်ခဲ့ပေမယ့် တစ်မှတ်ရဖို့ အတွက်တော့ အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ၁၀ ယောက်တည်းနဲ့ ၂ ဂိုးပြတ် ရှုံးနိမ့်နေချိန်မှာ တောင်ကြီး တစ်လုံးကို တက်ရသလို ခက်ခဲခဲ့ပေမယ့် ပွဲကို ကျွန်တော်တို ထိန်းချုပ် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။” လို့ ပွဲပြီး အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အဲဒီနောက် ဟောင်းဝ်က “အန်တိုနီက အားကုန် သုံးပြီး ဝင်ရောက်ခဲ့တာပါ။ သူပြန်ဆုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ချော်ကျပြီး အရှိန်နဲ့ ပါသွားခဲ့တာပါ။ ကြည့်ရတာတော့ မကောင်းပေမယ့် မသမာတဲ့ ရည်ရွယ်ချက်တော့ မရှိခဲ့ဘူးလို့ ထင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အနီကတ် ပြသခံခဲ့ရတဲ့ ဂေါ်ဒွန် ကတော့ ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပြီး အယူခံဝင်ဖို့ ရှိမရှိ ကတော့ မသိရသေးပါဘူး။ ဒီနေ့ပွဲမှာ နယူးကာဆယ်ကို ဒုက္ခပေးခဲ့တဲ့ နောက်ထပ် အခြေအနေ တစ်ခုက အားထားရတဲ့ ဂျိုးလင်တန်နဲ့ တိုနာလီ တို့ပါ ဒဏ်ရာရသွားတာ ဖြစ်ပါတယ်။ ကစားသမား နှစ်ဦးရဲ့ ဒဏ်ရာပြသနာနဲ့ ပတ်သတ်လို့တော့ အက်ဒီဟောင်းဝ်က “ဂျိုးနဲ့ ဆန်ဒရိုရဲ့ အခြေအနေ ကိုတော့ ကျွန်တော် မသိရသေးပါဘူး။ ကစားသမား တစ်ယောက် ဒဏ်ရာနဲ့ ထွက်သွားရပြီ ဆိုရင်တော့ သေချာပါတယ်။ အခြေအနေ မကောင်းပါဘူး။ အထူးသဖြင့် သူတို့ နှစ်ဦးစလုံး နာကျင်နေတဲ့ ပုံကြည့်ရတာ အခြေအနေ မဟန်ပါဘူး။ သူတို့သာ မကစားနိုင်ခဲ့ရင် ကျွန်တော်တို့ အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်လာပါလိမ့်မယ်။ အန်တိုနီ ကလည်း ပွဲပယ်ခံရဦးမယ်၊ ဖေဘီယန် ရှား ကလည်း ဦးခေါင်းထိသွားတယ်။ ဒါကြောင့် အခြေအနေ မကောင်းပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်ဟာ လာမယ့် တစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် လိဒ်စ်ယူနိုက်တက်နဲ့ ကစားရမှာပါ။ လက်တလော အက်ဒီဟောင်းဝ် ရဲ့ အသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန် အထိ ရမှတ် ၁ မှတ်သာ ရရှိထားတာကြောင့် အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.