ဟူဂို အစ်ကီတီကေး ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ရောက်ရောက်ချင်းမှာပဲ အသားကျဖို့ အချိန်အများကြီးမယူခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်သားက လက်ရှိမှာ သူ့ရဲ့ ခြေစွမ်းကို ဆက်လက် မြှင့်တင်နိုင်မယ်လို့ ယုံကြည်မှု အပြည့် ရှိနေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
အစ်ကီတီကေးဟာ ကွာရာဘက်ကို ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် သူ့အနေနဲ့ အခုထက် ပိုပြီး စွမ်းဆောင်နိုင်ဖို့ ဆာလောင်နေကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အစ်ကီတီကေးက အသင်း အတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့သလို၊ ဖလော်ရီယန် ဗစ်ဇ်ရဲ့ ဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လစ်ဗာပူးလ်ဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူးဟာ ဒီရာသီ ပြိုင်ပွဲစုံ အရပ်ရပ်မှာ ဂိုးပါဝင် ပတ်သက်မှု အများဆုံး (၁၃ ဂိုးသွင်း၊ ၄ ဂိုးဖန်တီး၊ စုစုပေါင်း ၁၇ ဂိုး) ပြုလုပ်ထားသူ ဖြစ်ပါတယ်။ ဒါဟာ လစ်ဗာပူးလ် ကစားသမားတွေထဲမှာ အများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ကွာရာဘတ်နဲ့ ပွဲမှာလည်း သူဟာ အသင်းမှာ အများဆုံး အဖြစ် ဂိုးကန်သွင်းမှု ၆ ကြိမ်နဲ့ ဂိုးရနိုင်ခြေ အခွင့်အရေးကောင်း ၃ ကြိမ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ဖရန့်ဖတ် ကနေ ပြောင်းရွှေ့လာပြီးကတည်းက လစ်ဗာပူးလ်ရဲ့ အားထားရတဲ့ ကစားသမား ဖြစ်လာသူ အစ်ကီတီကေးဟာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်နေပါတယ်။ ဒါကြောင့် လစ်ဗာပူးလ်မှာ သူဖြတ်သန်းခဲ့တဲ့ အစောပိုင်းကာလတွေ အပေါ် သုံးသပ်ဖို့ မေးမြန်းရာ မှာတော့ အစ်ကီတီကေးက အခုလိုပဲ ပြန်လည် ဖြေကြားခဲ့ပါတယ်။

“အစကောင်းတယ်လို့ ပြောရမှာပါ၊ ဒါပေမယ့် ဒီထက် ပိုကောင်းနိုင်သလို၊ ဒီထက်လည်း ပိုဆိုးသွားနိုင်ပါတယ်။ အခုတော့ ကျွန်တော် တော်တော်လေး ပျော်နေပါတယ်။ အရေးကြီးဆုံးက ကွင်းပြင်ပမှာ အသင်းဖော်တွေနဲ့ အဆင်ပြေပြေ ပေါင်းသင်း နေထိုင်နိုင်ဖို့ပါပဲ။ အဲဒါက အဓိက အချက်ပါ။ လေ့ကျင့်ရေးမှာရော၊ ကွင်းပြင်ပမှာပါ အသင်းဖော်တွေနဲ့ အသားကျသွားတာက ကျွန်တော့်ရဲ့ ခြေစွမ်းကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် အခုအခြေအနေကို ကျေနပ်ပေမယ့် ဒီထက်ပိုပြီး လုပ်ပြချင်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီထက်ပိုပြီး မျှော်လင့်ထားတာကြောင့် ဆက်ပြီး ကြိုးစားသွားရမှာပါ။” လို့ အစ်ကီတီကေးက ဆိုပါတယ်။
လစ်ဗာပူးလ်ဟာ ချန်ပီယံလိဂ် အုပ်စု အဆင့် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ၂၀၂၆ ခုနှစ်ထဲ ဝင်ရောက်လာပြီး နောက်ပိုင်း ပရီးမီးယားလိဂ် မှာတော့ ရုန်းကန်နေရပြီး ကစားခဲ့တဲ့ ၅ ပွဲစလုံး အနိုင် မရသေးပါဘူး (၄ ပွဲသရေ၊ ၁ ပွဲရှုံး)။ အစ်ကီတီကေးရဲ့ အပြောင်းအရွှေ့ အတွက် လစ်ဗာပူးလ်နဲ့ အပြိုင်အဆိုင် ဖြစ်ခဲ့တာက နယူးကာဆယ်ပါ။ အစ်ကီတီကေးဟာ လစ်ဗာပူးလ်ကို မပြောင်းရွှေ့ခင်က စိန့်ဂျိမ်းစ်ပါ့ခ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အကြီးအကျယ် ထွက်ခဲ့ဖူးသူပါ။
အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သူက “တကယ်တော့ နယူးကာဆယ်ကို ပြောင်းဖို့ နီးစပ်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကိုယ်တိုင်ပဲ ရွေးချယ်မှု လုပ်ခဲ့တာပါ။ ကျွန်တော် ဘယ်အသင်းကို သွားချင်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ နယူးကာဆယ် ပရိသတ်တွေရဲ့ တုံ့ပြန်မှု ကတော့ ကျွန်တော့် အတွက် အရေးမကြီးပါဘူး။ ကျွန်တော်က လစ်ဗာပူးလ် အတွက် ကစားပေးနေတာ ဖြစ်ပြီး ဒီမှာ ကျွန်တော့်ကို ချစ်တဲ့ ပရိသတ်တွေ ရှိပါတယ်။ အရင်ကလည်း နယူးကာဆယ်ကွင်းမှာ သွားကစားပြီး နိုင်ခဲ့ဖူးတာပဲ။ ကျွန်တော် ကတော့ အသင်းကို ကူညီနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ အခုတစ်ပတ် ပရီးမီးယားလိဂ် မှာတော့ နယူးကာဆယ် ယူနိုက်တက်ကို အန်ဖီးလ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ထိပ်တိုက် တွေ့ဆုံမှု ၂ ကြိမ် မှာတော့ ကြိုးကြာနီတွေက ငှက်ကြားတွေကို အနိုင်ရထားခဲ့ပြီး ခရာဘောင်ဖလား ဗိုလ်လုပွဲ မှာတော့ နယူးကာဆယ်က လစ်ဗာပူးလ်ကို အနိုင်ရကာ ချန်ပီယံ ဖြစ်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


