ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာတော့ ဂျေဒန် ဆန်ချိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးသွားတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ တစ်ချိန်က ဒေါ့မန် ကနေ စျေးကြီးပေး ခေါ်ယူခဲ့ရတဲ့ ဂျေဒန် ဆန်ချိုကို လက်ရှိ မှာတော့ အလွတ်နဲ့သာ ထွက်ခွာခွင့်ပြုသွားရတော့မှာလည်း ဖြစ်ပါတယ်။
အင်္ဂလန် တိုက်စစ် ကစားသမား ကတော့ ၂၀၂၁ ခုနှစ်တုန်းက ဒေါ့မန် ကနေ ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိ မှာတော့ အက်စတွန်ဗီလာဆီ အငှားနဲ့ သွားရောက် ကစားနေပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးကို အငှားနဲ့ သွားရောက် ကစားခဲ့ပေမယ့် လန်ဒန် ကလပ် ကတော့ အပြီးသတ် မခေါ်ယူပဲ လျော်ကြေး ပေါင် ၅ သန်း ပေးချေကာ ယူနိုက်တက်ဆီ ပြန်လည် စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုဟာ ချဲလ်ဆီးမှာ အတိုင်းအတာ တစ်ခု အထိ ခြေစွမ်းပြနိုင်ခဲ့သလို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိနေဖို့ များခဲ့ပေမယ့် ညှိနှိုင်းမှုတွေ အဆင်မပြေ ဖြစ်ခဲ့ရတာပါ။ ချဲလ်ဆီးဟာ တစ်ရာသီ အငှားစာချုပ်နဲ့ လာကစားနေတဲ့ ဆန်ချိုရဲ့ စာချုပ်မှာ ပေါင် ၂၅ သန်းတန် အပြီးသတ် ဝယ်ယူခွင့်ကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်ချို တစ်ယောက် ယူနိုက်တက်ဆီ ပြန်လည် ရောက်ရှိလာချိန်မှာလည်း နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်က သူ့ကို အသင်းရဲ့ လူစာရင်းထဲမှာ ပြန်လည် အသုံးပြုလိုခြင်း မရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ဂျေဒန် ဆန်ချိုကို တစ်ပတ် လုပ်ခ လစာ ပေါင် ၂ သိန်းနဲ့ ၁ နှစ် စာချုပ် သက်တမ်းတိုးခွင့် ရှိနေပြီးတော့ ၂၀၂၇ ခုနှစ် အထိ အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း talkSPORT ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က ဆန်ချို အတွက် ကုန်ကျစရိတ်တွေကို လျှော့ချချင်နေပြီး နောက်ထပ် ၁ နှစ် လစာ ပေးချေနေရမယ့် အစား ဒီရာသီအကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ကလပ် အသင်း တော်တော်များများက ပုံမှန်ဆိုရင် စာချုပ်သက်တမ်းကုန်တော့မယ့် ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးကို ကာကွယ်နိုင်ဖို့ တစ်နှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းဖို့ ရွေးချယ်လေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ဆန်ချို ကတော့ အမော်ရင် လက်အောက်မှာ အနာဂတ် မရှိတော့တာကြောင့် လွန်ခဲ့တဲ့ ၄ နှစ်က ဒေါ့မန်ကို ပေးခဲ့ရတဲ့ ပေါင် ၇၃ သန်း စလုံးကို အဆုံးရှုံးခံပြီး လာမယ့် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ပေးဖို့ ကိုပဲ ရွေးချယ်တော့မှာလည်း ဖြစ်ပါတယ်။
ဂျေဒန် ဆန်ချိုဟာ ဒီရာသီမှာ အက်စတွန်ဗီလာ အတွက် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှ ပါဝင် ကစားခွင့် မရရှိသေးပဲ လူစားဝင် ကစားသမား အဖြစ် ၃ ပွဲသာ ပါဝင်ခွင့်ရထားပါတယ်။ ၃ ပွဲ ဆိုပေမယ့်လည်း မိနစ် အားဖြင့်တော့ ၆၉ မိနစ်သာ ပါဝင်ကစားခွင့် ရရှိထားသေးတာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ဆန်ချိုက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို အင်္ဂလန်နဲ့ အတူ ပါဝင် ဆင်နွှဲလိုတာကြောင့် ပုံမှန် ပွဲထွက်ခွင့်ရနိုင်မယ့် အသင်း တစ်သင်းဆီ ပြောင်းရွှေ့လိုနေပါတယ်။လက်ရှိမှာတော့ ဆန်ချိုကို အသင်းဟောင်း ဒေါ့မန် အပြင် ပရီးမီးယားလိဂ်နဲ့ စီးရီးအေ ကလပ် တချို့ ကလည်း စိတ်ဝင်စားနေပေမယ့် အခြေအနေတွေကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


