ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ချဲလ်ဆီး ဂိုးသမား ကီပါ အရစ်ဇာဘာလာဂါကို ဒီနွေရာသီမှာ ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အသက် ၃၀ အရွယ် စပိန် ဂိုးသမားကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅ သန်း ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး နည်းပြ မီခဲလ် အာတေးတား အနေနဲ့လည်း အာဆင်နယ်မှာ စပိန် အင်ပါယာကို ဆက်လက် ချဲ့ထွင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဘုန်းမောက်က နီတိုကို အငှားသက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဂိုးသမားသစ် တစ်ဦး လိုအပ်နေခဲ့ပြီး အစောပိုင်းမှာ အက်စ်ပန်ညိုက ယိုအန် ဂါစီယာကို ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂါစီယာက ဒါးဗစ် ရာယာရဲ့ အရန် ဂိုးသမား လုပ်ဖို့ထက် ဘာစီလိုနာမှာ ပွဲထွက် ဂိုးသမား ဖြစ်ဖို့သာ ဆန္ဒရှိခဲ့တာကြောင့် အာဆင်နယ်တို့ ပစ်မှတ်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
ကီပါနဲ့ ချဲလ်ဆီးရဲ့ စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၅ သန်းသာ ရှိပြီး ချဲလ်ဆီး ဘက်ကတော့ တစ်ချိန်က ကမ္ဘာ့စျေးအကြီးဆုံး ဂိုးသမားကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်နဲ့ ထွက်ခွာခွင့်မပေးချင်ပဲ အပြီးသတ် ဝယ်ယူမယ့် အသင်းကို အသည်းအသန် ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ကီပါ အတွက် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှု အပေါ် ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးက ချက်ချင်းပဲ လက်ခံခဲ့ပြီး မကြာခင်မှာ တရားဝင် ကြေညာသွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ကီပါ အနေနဲ့ မီခဲလ် အာတေးတား လက်အောက်မှာ ပွဲထွက် ကစားခွင့် အတွက် တိုက်ပွဲဝင်ရမယ့် အခြေအနေကို လက်ခံထားတာကြောင့် စပိန် လက်ရွေးစင် အသင်းဖော် ဒါးဗစ် ရာယာ ကတော့ ဦးစားပေး အဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်မှာ ပြသခဲ့တဲ့ လက်စွမ်းအရရော လက်ရှိ အသက်အရွယ်နဲ့ ရင့်ကျက်မှု အရပါ အာဆင်နယ်တို့ အရန်ဂိုးသမား နေရာ အတွက် ကီပါကို ပေါင် ၅ သန်းနဲ့ ရလိုက်တာက တန်ကြောင်း သုံးသပ်မှုတွေလည်း ရှိပါတယ်။
ကီပါ ကတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့ သီဘောက် ကော့တွာစ်ရဲ့ နေရာမှာ အစားထိုးဖို့ ၂၀၁၈ ခုနှစ်မှာ ဘီလ်ဘာအို ကနေ ချဲလ်ဆီးကို ပေါင် ၇၁.၆ သန်း နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်သားက လန်ဒန် ကလပ်မှာ ရုန်းကန်ခဲ့ရပြီးတော့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ကီပါကို အငှားစာချုပ် ပြည့်ချိန်မှာ လန်ဒန်ကို ပြန်ပို့ခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်ကို အငှားနဲ့ ထပ်ပြီး ထွက်ကစားခဲ့ရပါတယ်။ လက်ရှိမှာတော့ ကီပါက နောက်ထပ် လန်ဒန် ထိပ်သီး ပရီးမီးယားလိဂ် ကလပ် တစ်ခုကို ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။ တကယ်တမ်းလည်း ပြီးခဲ့တဲ့ ရာသီက လက်စွမ်းအတိုင်း ဆိုရင်တော့ ကီပါကို ရလိုက်တာက အာဆင်နယ် အတွက် တကယ့်ကို ကျေနပ်စရာ ဖြစ်ပါတယ်။
ဖြစ်နိုင်တာ ကတော့ နည်းပြ မီခဲလ် အာတေးတား တစ်ယောက် ကီပါကို လာမယ့်ရာသီ ပြည်တွင်း ရှုံးထွက် ပွဲစဉ်တွေနဲ့ ချန်ပီယံလိဂ် ပွဲစဉ် တချို့မှာ အသုံးပြုသွားဖို့ များပါတယ်။ တစ်ခုရှိတာက အာဆင်နယ်ဟာ ချဲလ်ဆီး ကစားသမားတွေကို ခေါ်ယူချိန်တိုင်း အဆင်မပြေတတ်တဲ့ အစဉ်အလာ ရှိတာကြောင့် ကီပါ တစ်ယောက် အာဆင်နယ် အတွက် ဘယ်လောက်အထိ အကျိုးပြုနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.