မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သတ်လို့ ကတော့ မဖြစ်နိုင်တာ ဘာမှမရှိ ဆိုတဲ့ ဆောင်ပုဒ်က အရင်ကထက် ပိုပြီး အဓိပ္ပာယ် ရှိလာနေပါပြီ။ ကမ္ဘာပေါ်က ပရိသတ် တော်တော်များများ မန်ချက်စတာယူနိုက်တက်ကို ဘာကြောင့် ကြိုက်နှစ်သစ်စွာ အားပေးကြသလဲ ဆိုရင်တော့ မဖြစ်နိုင်တာ ဘာမှမရှိဆိုတဲ့ အတိုင်း ရင်ခုန် စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းနိုင်လို့ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ယူနိုက်တက် အနေနဲ့ ဒီရာသီမှာပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူနိုင်မလား။ တကယ်ပဲ ဖြစ်နိုင်သလား ဆိုတာကို ဆွေးနွေး သုံးသပ်ကြည့်ကြပါမယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက အဆင့် (၁၅) အထိ ထိုးဆင်းသွားခဲ့ရပြီး ဒါဟာ ပရီးမီးယားလိဂ် ခေတ်အတွင်း သူတို့ရဲ့ အနိမ့်ဆုံး ရပ်တည်မှု ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၇၃-၇၄ ဘောလုံးရာသီက တန်းဆင်းခဲ့ရပြီး နောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော် အတွင်း အဆိုးရွားဆုံး ရလဒ်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီလို မျိုးဆက်နဲ့ ချီတဲ့ အနိမ့်ဆုံး အခြေအနေ ကနေ ၁၃ နှစ် အတွင်း ပထမဆုံးအကြိမ် ထိပ်ဆုံး နေရာကို အချိန်တိုအတွင်း ပြန်လည် တက်လှမ်းနိုင်ဖို့ ဆိုတာ မယုံနိုင်စရာကောင်းတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်လာမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁၀ ရက်တာ အတွင်း ဖြစ်ရပ်တွေ ကတော့ သရဲနီ ပရိသတ်တွေကို မျှော်လင့်ချက် ရောင်ခြည် သန်းစေခဲ့ပါတယ်။ အဲဒီမျှော်လင့်ချက်တွေက သေးငယ်နေသေးပေမယ့်လည်း လက်ဆုပ်လက်ကိုင် ပြစရာတော့ ရှိနေပြီလို့ ဆိုရပါမယ်။ ဒါဆို ဘယ်အရာတွေကြောင့်လဲ ကြည့်ရအောင်။
မန်စီးတီးနဲ့ အာဆင်နယ်ကို အနိုင်ရရှိခြင်း
ရူဘင် အမော်ရင်ရဲ့ နေရာမှာ ယာယီ နည်းပြအဖြစ် မိုက်ကယ် ကာရစ်ခ်ကို ခန့်အပ်လိုက်ချိန်မှာ သူ ရင်ဆိုင်ရမယ့် ပထမဆုံး နှစ်ပွဲက မန်စီးတီး (အိမ်ကွင်း) နဲ့ အာဆင်နယ် (အဝေးကွင်း) တို့ ဖြစ်နေတာကြောင့် အခက်ခဲဆုံးလို့ ဆိုရမှာပါ။
အမော်ရင် လက်ထက် မှာတော့ နည်းပြသစ် ရောက်လာရင် ရလဒ်တွေ ကောင်းလာတတ်တဲ့ ‘New Manager Bounce’ ဆိုတဲ့ အကျိုးသက်ရောက်မှုကို အသင်းက မခံစားခဲ့ရပါဘူး။ အမော်ရင်ရဲ့ နည်းဗျူဟာတွေက အသင်းသားတွေရဲ့ နည်းစနစ်ပိုင်းနဲ့ မကိုက်ညီခဲ့ပေမယ့် ပေါ်တူဂီသား နည်းပြဟာ ကစားသမားတွေ အကြားမှာ ရေပန်းစား လူကြိုက်များခဲ့သူ ဖြစ်ပြီး အဝတ်လဲခန်း အတွင်း မှာလည်း ပြဿနာ မရှိခဲ့ပါဘူး။ ယာယီ နည်းပြ အဖြစ် တာဝန်ယူခဲ့တဲ့ ဒါရင်း ဖလက်ချာ လက်ထက် မှာလည်း ရလဒ်တွေက ချက်ချင်း တက်မလာခဲ့ပါဘူး။ ဖလက်ချာရဲ့ ပထမဆုံးပွဲမှာ ဘန်လေနဲ့ သရေကျခဲ့ပြီး အက်ဖ်အေဖလားမှာ ဘရိုက်တန်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပါတယ်။
ကာရစ်ခ် အနေနဲ့လည်း နည်းဗျူဟာပိုင်း အရ ထူးထူးခြားခြား ပြောင်းလဲတာမျိုး မလုပ်ခဲ့ဘဲ သူ့ဆီမှာ ရှိတဲ့ ကစားသမားတွေရဲ့ ပင်ကိုယ် အရည်အသွေး ကိုပဲ အသုံးချခဲ့တာပါ။ သူဟာ မကြာသေးခင် လတွေ အတွင်း အငြင်းပွားစရာ ဖြစ်နေတဲ့ ယူနိုက်တက်ရဲ့ ‘DNA’ ကို အသုံးချပြီး ဆာ အဲလက်စ် ဖာဂူဆန် ခေတ်က လိုပဲ မြန်ဆန်ပြီး တိုက်ရိုက်ဆန်တဲ့ ကစားကွက်နဲ့ တောင်ပံတွေကို အားပြုကစားစေခဲ့ပါတယ်။
ဒါဟာ ကစားသမားတွေ အကြားမှာ ပျောက်ဆုံးနေတဲ့ ယုံကြည်မှုကို ပြန်လည် ရရှိစေခဲ့သလို ရိုးရှင်းတဲ့ ညွှန်ကြားချက်တွေကပဲ အင်္ဂလန်နဲ့ ဥရောပရဲ့ အကောင်းဆုံး အသင်းကြီး နှစ်သင်းကို အလဲထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက်က မန်စီးတီးနဲ့ အာဆင်နယ်ကို အနိုင်ယူနိုင်တယ် ဆိုရင် သီအိုရီအရတော့ သူတို့ဟာ ဘယ်အသင်းကို မဆို အနိုင်ယူနိုင်စွမ်း ရှိသွားပြီလို့ သတ်မှတ်နိုင်ပါတယ်။
အဓိကကျတဲ့ တည်ငြိမ်စွာ ရှေ့ဆက်နိုင်မှု
မိုက်ကယ် ကာရစ်ခ် အနေနဲ့ လက်ရှိ အဓိက လုပ်ရမှာ ကတော့ ၂၀၁၃ ခုနှစ် ဖာဂူဆန် အနားယူပြီး ကတည်းက အမော်ရင်၊ တန်ဟတ်ဂ်နဲ့ တခြားသော နည်းပြတွေ မလုပ်နိုင်ခဲ့တဲ့ ‘ရေရှည်တည်ငြိမ်မှု’ ကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။
အမော်ရင်ဟာ ရလဒ်ကောင်းတွေ ဆက်တိုက်ရဖို့ ရုန်းကန်ခဲ့ရတဲ့ သာဓက တစ်ခု ဖြစ်ပြီး သူခန့်အပ်ခံရပြီး တစ်နှစ်နီးပါး အကြာမှ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် အနိုင်ရဖူးတာပါ။ ဒါပေမယ့် ကာရစ်ခ် ကတော့ ဒီစံချိန်ကို ချက်ချင်း လိုက်မီသွားခဲ့ပါပြီ။ လက်ရှိမှာ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က ခြေစွမ်း မတည်ငြိမ်သလို၊ နယူးကာဆယ်နဲ့ တော့တင်ဟမ် တို့ကလည်း ချန်ပီယံ လမ်းကြောင်းနဲ့ ဝေးကွာနေပါတယ်။ မန်စီးတီးနဲ့ အာဆင်နယ်တောင် အမှားအယွင်းတွေ ရှိနေတာကြောင့် ယူနိုက်တက် အတွက် အခွင့်အရေး ရှိနေပါတယ်။ ယူနိုက်တက်ဟာ တခြား ပြိုင်ပွဲတွေ ကနေ ထွက်ထားရတာကြောင့် ပရီးမီးယားလိဂ် ကိုပဲ အာရုံစိုက်ခွင့်ရနေတာဟာ အခွင့်အရေးကောင်း တစ်ခု ဖြစ်နေပါလိမ့်မယ်။ ကျန်ရှိနေတဲ့ ပွဲစဉ် (၁၅) ပွဲမှာသာ အာရုံစိုက် ကစားသွားနိုင်မယ် ဆိုရင်တော့ မဖြစ်နိုင်တာ ဘာမှမရှိဆိုတဲ့ ဆောင်ပုဒ် အသက်ဝင်လာနိုင်ပါတယ်။
သမိုင်းကြောင်းအရ ဖြစ်နိုင်ခြေ ရှိနေခြင်း
လက်ရှိမှာ ယူနိုက်တက်နဲ့ ဇယားထိပ်က အာဆင်နယ်တို့ အကြား ရမှတ် ကွာဟချက်က ၁၂ မှတ် ရှိပါတယ်။ ကာရစ်ခ်ခ် မကိုင်တွယ်ခင်က ၁၇ မှတ် အထိ ကွာဟနေခဲ့ပေမယ့် နှစ်ပတ် အတွင်းမှာ ၅ မှတ် အထိ သိသိသာသာ ကျဉ်းမြောင်းသွားတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ၁၂ မှတ် ကွာဟချက်ကို ကျော်ဖြတ်ပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ သာဓကတွေ ရှိသလို၊ အများဆုံး ၁၃ မှတ် အထိ ပြန်လိုက်နိုင်ခဲ့တဲ့ စံချိန်လည်း ရှိပါတယ်။ ယူနိုက်တက် ကိုယ်တိုင် ၁၉၉၂-၉၃ နဲ့ ၁၉၉၅-၉၆ ဘောလုံးရာသီတွေမှာ ၁၂ မှတ် အကွာ ကနေ ပြန်လိုက်ပြီး ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၉၅-၉၆ ရာသီမှာ ဆိုရင် အခုလို ပွဲစဉ် (၂၃) အပြီးမှာ နယူးကာဆယ်ကို ၁၂ မှတ် ပြတ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ် ဟာလည်း ၁၉၉၇-၉၈ ခုနှစ်မှာ ယူနိုက်တက်ကို ၁၃ မှတ်အကွာ ကနေ ပြန်လိုက်ပြီး ချန်ပီယံ ဖြစ်ကာ စံချိန်တင်ခဲ့ဖူးပါတယ်။
ဒေါဂူရဲ့ ဒဏ်ရာက ယူနိုက်တက် အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်နေမလား

ပြီးခဲ့တဲ့နှစ်က လက်ချီ ကနေ ခေါ်ယူခဲ့စဉ် လူမသိသေးတဲ့ အချိန်က ဆိုရင် ဒေါဂူရဲ့ ဒဏ်ရာဟာ အခြေအနေက အရေးကြီးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ မှာတော့ ပက်ထရစ် ဒေါဂူဟာ ကာရစ်ခ်ရဲ့ ယူနိုက်တက်မှာ အရေးပါဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်နေတာကြောင့် အချက်အလက် တစ်ခု အနေနဲ့ ဆွေးနွေးရဖို့ လိုလာပါပြီ။
ဒီဒိန်းမတ် လက်ရွေးစင်ဟာ မန်စီးတီးနဲ့ အာဆင်နယ် ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ကာရစ်ခ်ခ် အလိုရှိတဲ့ မြန်ဆန်တဲ့ တိုက်ရိုက်ဆန်တဲ့ ကစားကွက်ကို ပုံဖော်ပေးခဲ့သူပါ။ ဒါပေမယ့် သူဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၁၀ ပတ်ခန့် (၈ ပွဲခန့်) နားရတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ သူ့နေရာကို အစားထိုးဖို့ Natural တောင်ပံ ကစားသမား ရှိမနေတာကြောင့် ကာရစ်ခ်ခ် အတွက် ဒါဟာ စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လာနိုင်ပြီး သူတို့ရဲ့ ချန်ပီယံ လမ်းကြောင်းကို အနှောင့်အယှက် ပေးနိုင်တဲ့ အဓိက အချက်လည်း ဖြစ်နေပါတယ်။
ဒါတွေ ကတော့ ယူနိုက်တက်တို့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ အပေါ် မဖြစ်နိုင်တာ ဘာမှမရှိဘူး ဆိုတဲ့ ရှုထောင့် ကနေ စဉ်းစား သုံးသပ်ကြတာ ဖြစ်ပါလိမ့်မယ်။ တကယ်တမ်း ယူနိုက်တက် အတွက် လက်တွေ့ကျတဲ့ မျှော်လင့်ချက် ကတော့ Top 4 (ချန်ပီယံလိဂ်) ဝင်ခွင့်ရရေး ဖြစ်နိုင်ပြီး ယူနိုက်တက် တာဝန်ရှိသူတွေ၊ နည်းပြ အဖွဲ့ဝင်တွေနဲ့ ကစားသမားတွေ ကိုယ်တိုင်လည်း ဒါကိုပဲ အဓိက အာရုံစိုက်ထားဖို့ များပါတယ်။ ဘာပဲပြောပြော ယူနိုက်တက် အနေနဲ့ သူတို့နဲ့ ၁၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို တကျော့ပြန် သိမ်းပိုက်နိုင်ခဲ့မယ် ဆိုရင်တော့ သရဲနီ ပရိသတ်တွေ အတွက် နတ်သမီး ပုံပြင် တစ်ခုလို ဖြစ်နေတော့မှာ အသေအချာပါပဲ…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


