၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ကတော့ တဖြည်းဖြည်း ကုန်ဆုံးဖို့ နီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က ၁၀ ပွဲ နီးပါးသာ ကစားဖို့ ကျန်ရှိပြီး လက်ရှိမှာ ပွဲစဉ်တိုင်း ကလည်း အကြိတ်အနယ် ရှိနေပါပြီ။
ချန်ပီယံဆု အတွက် အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ အပြိုင်အဆိုင် ဖြစ်နေသလို သက်ဆိုင်ရာ ဥရောပ ပြိုင်ပွဲ ဝင်ခွင့်တွေ အတွက် အသင်းပေါင်း ၈ သင်း ကလည်း မျှော်လင့်ချက် ကိုယ်စီနဲ့ အားထည့် ရုန်းနေကြပါတယ်။ ထိုနည်းတူစွာပဲ တန်းမဆင်းရရေး တိုက်ပွဲဝင် ရမယ့် အသင်းပေါင်း ၉ သင်း အထိ ရှိနေပြီး ဒီနှစ် ပရီးမီးယားလိဂ် ကတော့ ရာသီသိမ်းခါနီးလေ။ ရင်ခုန်စရာ ကောင်းလေပါပဲ။ တန်းဆင်းဇုန်ထဲက အသင်းတွေရဲ့ ရုန်းကန်အားကြောင့် အသင်းကြီးတွေ အတွက် ခက်ခဲလာဖို့ ရှိသလို၊ အသင်းကြီးတွေ အမှန်တကယ် အားစိုက်ရင်လည်း အသင်းငယ်တွေ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ ဒီအခြေအနေကို ဘယ်အသင်းတွေက အမှား အနည်းဆုံးနဲ့ ကျော်ဖြတ်သွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ့် အချိန် ဖြစ်ပါတယ်။
အခုတစ်ခါ မှာတော့ Opta စူပါကွန်ပြူတာရဲ့ ခန့်မှန်း တွက်ချက်မှုအရ ဘယ်အသင်းတွေက ချန်ပီယံရှစ်ဆီ ဦးတည်နိုင်ချေ များနေလဲ ဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်း၊ ကစားဖို့ ကျန်တဲ့ ပွဲအရေအတွက်၊ လက်ကျန် ပွဲစဉ်တွေမှာ တွေ့ဆုံရမယ့် ပြိုင်ဘက် စတဲ့ အခြေအနေ အရပ်ရပ်ပေါ် မူတည်ပြီး တွက်ချက်ခဲ့ရာ မှာတော့…




ရမှတ် ၂၃ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးကို ရောက်နေတဲ့ ဆောက်သမ်တန်က ၇၈.၁ ရာခိုင်နှုန်းနဲ့ တန်းဆင်းရနိုင်ချေ အများဆုံး အသင်း အဖြစ် ထိပ်ဆုံးက ရှိနေပါတယ်။ စိန့်တို့က လက်ကျန် ၁၀ ပွဲသာ ကစားဖို့ ကျန်ရှိတော့သလို လက်ကျန် ပွဲတွေမှာ မန်စီးတီး၊ အာဆင်နယ်၊ နယူးကာဆယ်၊ ဘရိုက်တန်နဲ့ လစ်ဗာပူးလ် တို့ကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
ဆောက်သမ်တန်ထက် ၁ ပွဲလျော့ ကစားပြီး ၁ မှတ် အသာနဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဘုန်းမောက် ကတော့ တန်းဆင်းရဖို့ ၅၅.၉ ရာခိုင်နှုန်း ရှိနေပါတယ်။ ဘုန်းမောက်က ၁၁ ပွဲ ကစားဖို့ ကျန်သေးပေမယ့် သူတို့လည်းပဲ ဘရိုက်တန်၊ တော့တင်ဟမ်ဟော့စပါး၊ ချဲလ်ဆီးနဲ့ ယူနိုက်တက်လို အသင်းကောင်းတွေ အပြင် ဝက်စ်ဟမ်း၊ ဆောက်သမ်တန်၊ လိဒ်စ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ အဲဗာတန် တို့လို အသင်းတွေနဲ့ တန်းဆင်းဇုန် တိုက်ပွဲတွေ ဆက်တိုက် နွှဲရဦးမှာ ဖြစ်ပါတယ်။
ဒီရာသီမှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ နော့တင်ဟမ်ဖောရက်စ် ကတော့ ရာသီ အကုန်မှာပဲ ချန်ပီယံရှစ်ဆီ ပြန်ရဖို့ များနေပါတယ်။ တန်းဆင်းရနိုင်ချေ ၄၉.၈ ရာခိုင်နှုန်း ရှိနေပြီး ဆောက်သမ်တန်၊ ဘုန်းမောက် တို့နဲ့ အတူ တန်းဆင်းရဖို့ ရာခိုင်နှုန်း အများဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရတာပါ။ လက်ရှိမှာ ၂၇ ပွဲ ကစားပြီး ၂၆ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပေမယ့် ဖောရက်စ် အတွက် လက်ကျန် ပွဲစဉ်တွေက တစ်ပွဲမှ မချောင်ပါဘူး။ ဝုဗ်၊ လိဒ်စ်၊ အက်စတွန်ဗီလာ၊ ယူနိုက်တက်၊ လစ်ဗာပူးလ်၊ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်၊ ဆောက်သမ်တန်၊ ချဲလ်ဆီး၊ အာဆင်နယ်၊ ပဲလေ့စ် တို့နဲ့ အစဉ်လိုက် ကစားရမှာ ဖြစ်ပြီး လက်ရှိ အခြေအနေအရတော့ စတိဗ် ကူ့ပါးရဲ့ အသင်းက မျှော်လင့်ချက် တော်တော်လေး မဲ့နေတယ်လို့ ဆိုနိုင်ပါတယ်။

ဒီ ၃ သင်း ပြီးရင်တော့ ရှောင်ဒိုက်ခ်ရဲ့ အဲဗာတန်က တန်းဆင်းရနိုင်ချေ ၄၂ ရာခိုင်နှုန်း၊ လိဒ်စ်က ၂၁.၃ ရာခိုင်နှုန်း၊ ဝုဗ်က ၁၉.၈ ရာခိုင်နှုန်း၊ ဝက်စ်ဟမ်းက ၁၅.၇ ရာခိုင်နှုန်း၊ လက်စတာစီးတီးက ၁၁ ရာခိုင်နှုန်းနဲ့ ပဲလေ့စ်က ၆.၁ ရာခိုင်နှုန်းနဲ့ အစဉ်အလိုက်ရှိနေပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ အပြီး မှာတော့ လိဒ်စ်က တန်းဆင်းရနိုင်ချေ ၄၈.၁ ရာခိုင်နှုန်း အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝုဗ်ကို အဝေးကွင်းမှာ ခြေစွမ်းပြ အနိုင်ယူလိုက်တာကြောင့် ပွဲစဉ် ၂၈ အပြီးမှာ လိဒ်စ်တို့ အဆင့် ၁၄ နေရာ အထိ ခုန်တက်သွားခဲ့သလို တန်းဆင်းရနိုင်ချေ ရာခိုင်နှုန်း ကလည်း ၂၆.၈ ရာခိုင်နှုန်းထိ လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ပွဲမှာ ၁ မှတ်စီ ရခဲ့ကြတဲ့ အဲဗာတန်က ၁၀.၂ ရာခိုင်နှုန်းနဲ့ လက်စတာက ၃.၁ ရာခိုင်နှုန်းစီ အသီးသီး ကျဆင်းခဲ့ပြီး မန်စီးတီးနဲ့ မကစားဖြစ်ခဲ့တဲ့ ဝက်စ်ဟမ်း ကလည်း တန်းဆင်းရနိုင်ချေ ၀.၇ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ဒါကတော့ အချက်အလက်တွေ အပေါ်မှာ အခြေခံပြီး တွက်ချက်ထားခဲ့တာ ဖြစ်လို့ တစ်ထစ်ချ တွက်ဆထားလို့ မရသေးပါဘူး။ လက်ကျန် ၁၀ ပွဲမှာ ဘာမဆို ဖြစ်သွားနိုင်တာကြောင့် ပရီးမီးယားလိဂ် ကတော့ ထုံးစံ အတိုင်း ပွဲစဉ် ၃၈ ပြီးတဲ့ အထိ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.