စီးရီးအေ ကလပ် ရိုးမား ကတော့ အက်စတွန်ဗီလာရဲ့ ဂျမေကာ လက်ရွေးစင် တောင်ပံ ကစားသမား လီယွန် ဘိုင်လီကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ရိုးမားက အငှားသက်တမ်း ကုန်ဆုံးချိန်မှာ အပြီးသတ် ခေါ်ယူနိုင်မယ့် သဘောတူညီချက် ကိုလည်း စာချုပ်ထဲ ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
ရိုးမားဟာ တစ်ရာသီ အငှား ခေါ်ယူမှု အတွက် အက်စတွန်ဗီလာကို ယူရို ၂ သန်း ပေးချေရမှာ ဖြစ်ပြီးတော့ ရာသီကုန်ချိန် မှာတော့ ယူရို ၂၂ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မှာ ဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ဖော်ပြခဲ့ပါတယ်။ အက်စတွန်ဗီလာ ကတော့ အသက် ၂၈ နှစ် အရွယ် လီယွန် ဘိုင်လီကို ၂၀၂၁ ခုနှစ် နွေရာသီမှာ လေဗာကူဆင် ကနေ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ရှိနေပါတယ်။
ဘိုင်လီဟာ အက်စတွန်ဗီလာမှာ ၄ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၄၆ ပွဲ ကစားခဲ့ပြီး ၂၂ ဂိုး သွင်းယူခဲ့ပါတယ်။ ဂျမေကာသားဟာ ဗီလာမှာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ခြေစွမ်းအပြနိုင်ဆုံး ဖြစ်ပြီး ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားရာမှာ ၁၄ ဂိုး သွင်းပြီး ၁၃ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဘိုင်လီက ပြီးခဲ့တဲ့ ရာသီမှာတော့ အက်စတွန်ဗီလာ အတွက် ၃၈ ပွဲသာ ကစားပေးနိုင်ခဲ့ပြီး ၂ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးကာ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းသွားခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ထိပ်သီး ကလပ် တော်တော်များများက ဘိုင်လီကို ခေါ်ယူဖို စိတ်ဝင်စားခဲ့ကြပေမယ့် အက်စတွန်ဗီလာက ဆက်ထိန်းထားခဲ့ပြီး ဒီနွေရာသီမှ ရိုးမားဆီ အငှားချလိုက်တာပါ။ ရိုးမားဟာ အစောပိုင်းမှာ ဆန်ချိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် ဘိုင်လီကို အလျင်အမြန် ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။

ဘိုင်လီ ကတော့ စီးရီးအေ ကလပ် ရိုးမားရဲ့ သမိုင်းမှာ ပထမဦးဆုံးသော ဂျမေကာ ကစားသမား ဖြစ်လာတော့မှာပါ။ ကင်းစတန်းမှာ မွေးဖွားပြီး အသက် ၁၃ နှစ် အရွယ်မှာ ဥရောပကို ပြောင်းရွှေ့ခဲ့တဲ့ ဘိုင်လီက ဂန့်ခ်၊ လေဗာကူဆင်နဲ့ အက်စတွန်ဗီလာ တို့မှာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို ဖြတ်သန်းထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ စုစုပေါင်း ၃၇၇ ပွဲ ကစားပြီး ၇၆ ဂိုး သွင်းယူထားပါတယ်။ စီးရီးအေ ကလပ်ရဲ့ ထုတ်ပြန်ချက်အရ ဘိုင်လီဟာ ကျောနံပါတ် ၃၁ ကို ဝတ်ဆင် ကစားဖို့ ရွေးချယ်ထားကြောင်း သိရပါတယ်။
ရိုးမား ကတော့ လီယွန် ဘိုင်လီ အပါအဝင် ဒီနွေရာသီမှာ ကစားသမား ၇ ဦး အထိ ခေါ်ယူထားခဲ့ပြီးတော့ အငှားနဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေက များပါတယ်။ နည်းပြသစ် ဂတ်စ်ပီရီနီ ကတော့ ရိုးမားကို တိုက်စစ် အင်အား တောင့်တင်းတဲ့ အသင်း တစ်သင်း အဖြစ် တည်ဆောက်လိုနေပြီး လက်ရှိမှာတော့ လီယွန် ဘိုင်လီလို ကစားသမားမျိုးကို အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ရရှိတဲ့ သတင်းတွေအရ လီယွန် ဘိုင်လီက ရိုးမားနဲ့ ပထမဦးဆုံး လေ့ကျင့်ရေး အစီအစဉ်မှာ ကြွက်သား ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။ IlMessaggero ကတော့ လီယွန် ဘိုင်လီ အနေနဲ့ ဒီဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ်ခန့် အနားယူရတော့မှာ ဖြစ်ကြောင်း ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.