၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ နောက်ခံလူ ဆမ်မြူရယ် အမ်တီတီ ကတော့ ကစားသမား ဘဝ ကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အမ်တီတီဟာ မကြာခဏ ဆိုသလို ဒူးဒဏ်ရာ ပြဿနာရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး အသက် ၃၁ နှစ် အရွယ်မှာတင် ကစားသမား ဘဝ ကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။
အမ်တီတီက ဘောလုံးသမားဘဝက အနားယူလိုက်ပြီ ဖြစ်ကြောင်း သူ့ရဲ့ အင်စတာဂရမ် အကောင့် ကနေ အခုလိုပဲ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ “အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ကစားသမား ဘဝမှာ ရှင်သန်နေထိုင်ပြီးနောက် နှုတ်ဆက် စကားပြောဖို့ အချိန်ကို ရောက်ရှိလာပါပြီ။ ကျွန်တော်ဟာ စိတ်အားထက်သန်မှု အပြည့်နဲ့ အရာရာ ပေးဆပ်ခဲ့ပါတယ်။ ဒါကြောင့် ဘာမှ နောင်တရစရာလည်း မရှိပါဘူး။” လို့ အမ်တီတီက ရေးသားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် အမ်တီတီက “လိုင်လီမှာ တစ်ကျော့ပြန်လာဖို့ ကျွန်တော် အရာ အားလုံး ကြိုးစားကြည့်ခဲ့ပါတယ်။ ကျွန်တော် ဘယ်လောက်အထိ ကြိုးစားခဲ့ရသလဲ ဆိုတာ လူအနည်းငယ်ပဲ သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က လိုက်မမှီနိုင်ခဲ့ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

အမ်တီတီ အတွက် အအောင်မြင်ဆုံး အချိန်ကာလ ကတော့ ဘာစီလိုနာမှာ ကစားသမားခဲ့ချိန် ဖြစ်ပြီး ၂၀၁၆ ခုနှစ် ကနေ ၂၀၂၂ ခုနှစ် အထိ ပွဲပေါင်း ၁၃၄ ပွဲ ကစားကာ လာလီဂါ ချန်ပီယံ ၂ ကြိမ်၊ စပိန့်ဘုရင့်ဖလား ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အမ်တီတီက လက်ချီကို အငှားနဲ့ သွားရောက် ကစားခဲ့ရသလို နောက်ဆုံး မှာတော့ လီဂူးဝမ်း ကလပ် လိုင်လီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း အမ်တီတီက လိုင်လီမှာ ၁၃ ပွဲသာ ကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီအကုန်မှာ လီဂူးဝမ်း ကလပ်နဲ့ လမ်းခွဲခဲ့ပါတယ်။ အဲဒီအချိန် ကတည်းက ကလပ် အသင်းသစ် ရှာမတွေ့ခဲ့တဲ့ အမ်တီတီက နောက်ဆုံး မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကစားသမား ဘဝ ကနေ အပြီးတိုင် အနားယူသွားခဲ့တာ ဖြစ်ပါတယ်။
အမ်တီတီဟာ ပြင်သစ် လက်ရွေးစင် အသင်း အတွက်လည်း ၃၁ ပွဲ ကစားပေးခဲ့ပြီး အိမ်ရှင် အဖြစ် ကျင်းပတဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲ မှာလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။ သူ့ အနေနဲ့ နိုင်ငံ အသင်း အတွက် ၄ ဂိုး သွင်းခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ဘယ်လ်ဂျီယံကို အနိုင်ရတဲ့ ပွဲရဲ့ အနိုင်ဂိုးရှင်က အမ်တီတီပဲ ဖြစ်ပါတယ်။ အမ်တီတီက မက်တွီဒီ၊ ရာမီ၊ ဗာရန်း၊ မန်ဒန်ဒါတို့ ပြီးနောက် ကစားသမား ဘဝ ကနေ အနားယူခဲ့တဲ့ ပဉ္စမမြောက် ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ အသင်းသားလည်း ဖြစ်ခဲ့ပါတယ်။
ပြင်သစ် နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် ကလည်း အမ်တီတီ ကစားသမား ဘဝ ကနေ အနားယူခဲ့တဲ့ အပေါ် အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဆမ် (အမ်တီတီ) ဟာ ရုရှား ကမ္ဘာ့ဖလား အောင်ပွဲတွေမှာ အရေးပါတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံနဲ့ ပွဲက သူ့ရဲ့ သွင်းဂိုးနဲ့ ရာဖေးလ် (ဗာရန်း) နဲ့ အတူ သူပြသခဲ့တဲ့ ခံစစ် စွမ်းဆောင်ရည်တွေကို လူတိုင်း မှတ်မိကြမယ် ထင်ပါတယ်။” လို့ ဒက်စ်ချမ့်စ်က ဆိုပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.