ပေါ်တူဂီ ကတော့ မနေ့ညက ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရခြင်းနဲ့ အတူ အိုင်ယာလန်ကို ၂-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ရော်နယ်ဒို အတွက်လည်း ဒီအနီကတ်က လက်ရွေးစင် ကစားသမားဘ၀ ပထမဦးဆုံး အနီကတ်လည်း ဖြစ်ပါတယ်။
ပေါ်တူဂီ လက်ရွေးစင် အသင်းဟာ အဝေးကွင်းမှာ အိုင်ယာလန်ကို ၂-၀နဲ့ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပြီး အိမ်ရှင် အသင်း အတွက် ဂိုးတွေ ကိုတော့ ပထမပိုင်း ၁၇ မိနစ်နဲ့ ၄၅ မိနစ်တွေမှာ တိုက်စစ်မှူး ပါရော့တ် တစ်ဦးတည်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မိနစ် ၅၀ ကျော် မှာတော့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြိုင်ဘက် နောက်ခံလူ ဒါရာ အိုရှေးနဲ့ ဘောလုံး ယှဉ်လုရင်း ရော်နယ်ဒိုက ဒါရာ အိုရှေးရဲ့ နောက်ကျောကို တံတောင်နဲ့ ရိုက်မိခဲ့သလို ဖြစ်တာကြောင့် အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ် အတွက် ကွင်းလယ်ဒိုင် ဂလန်းနိုင်းဘတ်က ရော်နယ်ဒိုကို အစက အဝါကတ်ပဲ ပြခဲ့ပေမယ့် VAR ပြန်ကြည့်ပြီးနောက် မှာတော့ အဝါကတ် အစား အနီကတ် အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် ကိုတော့ ရော်နယ်ဒို တစ်ယောက် မယုံနိုင်အောင် အံ့အားသင့်ခဲ့ရပြီး ကွင်းထဲ ကနေ ထွက်လာချိန်မှာ အိုင်ယာလန် ပရိသတ်တွေကို လက်ခုပ်တီးပြီးတော့ လှောင်ပြောင်တဲ့ အပြုအမူနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အနီကတ် မပြခံရခင် ကလည်း ရော်နယ်ဒိုက အိုင်ယာလန် ပရိသတ်တွေကို ငိုတဲ့ အပြုအမူနဲ့ လှောင်ပြောင်ခဲ့ပြီးတော့ အနီကတ် ပြခံရချိန်မှာတော့ ရော်နယ်ဒို လုပ်ခဲ့တဲ့ အပြုအမူ အတိုင်း ပြန်လည် တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီ အနီကတ် ကတော့ ရော်နယ်ဒိုရဲ့ လက်ရွေးစင် ကစားသမားဘ၀ ၂၂၆ ပွဲမှာ ပထမဦးဆုံး ပြသခံခဲ့ရတဲ့ အနီကတ် ဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ တစ်လျှောက် မှာတော့ ၁၃ ကြိမ်မြောက် ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပွဲပယ်ခံရမှာ ဖြစ်တာကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ အာမေးနီးယားနဲ့ ကစားမယ့် နောက်ဆုံး ခြေစစ်ပွဲကို လွဲချော်မှာ ဖြစ်သလို အကယ်၍ ရော်နယ်ဒိုရဲ့ လုပ်ရပ်က ကြမ်းတမ်းတဲ့ အပြုအမူ အဖြစ် သတ်မှတ်ခံရမယ် ဆိုရင်တော့ ၂ ပွဲ အထိ ပွဲပယ်ခံရဖို့ ရှိနေပါတယ်။
ဒါကြောင့် ပေါ်တူဂီသာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မယ် ဆိုရင်တော့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲကို လွဲချော်မယ့် အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။ ပေါ်တူဂီဟာ အိုင်ယာလန်နဲ့ ပွဲမှာ အနိုင်ရမယ် ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် အာမေးနီးယားနဲ့ နောက်ဆုံးပွဲမှာ အဆုံးအဖြတ်ခံယူရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


